Saturday, January 21

အရက်စွဲဝေဒနာဖြင့် စိတ်ကျန်းမာရေး ဆေးရုံတက်ရောက်သည့် လူနာများတွင် အမျိုးသမီးများ ပါဝင်လာ

အရက်စွဲဝေဒနာဖြင့် စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ တက်ရောက်ကြသည့် လူနာများတွင် အမျိုးသားများ သာမက အမျိုးသမီးများပါ ပါဝင်မှုရှိလာကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) မှ သတင်းရရှိပါသည်။
စိတ်ကျန်းမာရေးဆေးရုံကြီးတွင် နေ့စဉ်ပုံမှန်ဝေဒနာရှင်ပေါင်း ၉၀၀ ကျော် ဆေးဝါးကုသခံယူမှုရှိကြပြီး အရက်စွဲ၊ စိတ်ကြွ၊ စိတ်ကျနှင့် စိတ်ကစဥ့်ကလျား ရောဂါများဖြင့် တက်ရောက်မှုများကြကြောင်း သိရသည်။ ထိုသို့ တက်ရောက်ကြရာတွင်လည်း အမျိုးသမီးများ ဆေးရုံတက်ရောက် မှုမှာ ဆေးရုံတက်လူနာအားလုံး၏ သုံးပုံတစ်ပုံ ၀န်းကျင်ရှိကာ စိတ်ကစဥ့်ကလျားရောဂါဖြင့် တက်ရောက်မှုများကြသည်။ ထို့အပြင် ယခုလက် ရှိ၌ စိတ်ဝေဒနာမျိုးစုံဖြင့် ဆေးရုံတက်ရောက်ကြသည့် လူနာများတွင် အရက်စွဲဝေဒနာဖြင့် တက်ရောက်မှု မှာ အခြားဝေဒနာဖြင့် ဆေးရုံတက်ရောက်သူများထက် ပိုမိုနေကာ ယင်း အထဲတွင် အမျိုးသမီးအချို့ပါ ပါဝင် လာကြောင်း၊ ၂၀၀၅ မှ ၂၀၀၈ ထိ လေးနှစ်အတွင်း ဦးရေ ၂၀ ကျော် သာရှိရာမှ ၂၀၁၁ခုနှစ်တစ်နှစ်တာ အတွင်းဦးရေ ၃၀ ကျော် ရှိလာကြောင်း ၂၀၁၁ ခုနှစ်မှ စတင်ကာ လစဉ်လူနာ အသစ်နှစ်ဦး၊ သုံးဦးပုံမှန် ရှိလာကြောင်း အသက် ၂၅ နှစ်မှ ၅၀ နှစ်အတွင်း ဖြစ်ကြပြီး အသက် ၃၀ ကျော်သူ များပြားကြောင်း သိရသည်။

အခုနောက်ပိုင်း ဆေးရုံလာတက်တဲ့ ဝေဒနာရှင်တွေထဲမှာဆိုရင် အမျိုးသမီးတွေ ပါ ပါဝင်လာကြပါတယ်။ အရက်စွဲဝေဒနာနဲ့ ဆေးရုံလာတက် ကြတဲ့ အမျိုးသမီးတွေကတော့ စိတ်ကစဥ့်ကလျားဖြစ်ပြီး ရောက်လာတာ တွေများတယ်။ အဲဒီထဲမှာ လူလတ်ပိုင်းအရွယ်တွေ ပိုများကြတယ် .  .  .
“စိတ်ကျန်းမာရေး ဆေးရုံကြီး အတွင်း ဆေးရုံတက်ရောက် ကုသမှုခံယူ နေတဲ့သူတွေထဲမှာ အရက်စွဲဝေဒနာရှင်တွေ တက်ရောက်မှုအများဆုံးပါ ပဲ။ အခုနောက်ပိုင်း ဆေးရုံလာတက် တဲ့ ဝေဒနာရှင်တွေထဲမှာဆိုရင် အမျိုးသမီးတွေပါ ပါဝင်လာကြပါတယ်။ အရက်စွဲဝေဒနာနဲ့ ဆေးရုံလာတက် ကြတဲ့ အမျိုးသမီးတွေကတော့ စိတ်ကစဥ့်ကလျား ဖြစ်ပြီးရောက်လာတာ တွေများတယ်။ အဲဒီထဲမှာ လူလတ်ပိုင်းအရွယ်တွေ ပိုများကြတယ်”ဟု စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
အရက်စွဲဝေဒနာနှင့် ပတ်သက်၍ သုတေသနပညာရှင်များ၏ လေ့လာချက်အရ အရက်တစ်မျိုးမျိုး၊ အထူးသဖြင့် အရက်အပြင်းစား(ရမ်၊ ၀ီစကီ၊ ဂျင်၊ အရက်ဖြူ) စသည်တို့အား နေ့စဉ် ငါးပက်မှခုနှစ်ပက်အထိ သောက်သုံးပါက အချိန်ကာလ သုံးပတ်အတွင်း အရက်စွဲသွားနိုင်စေကြောင်း၊ အရက် စွဲဝေဒနာရှင်များသည် ရုပ်ပိုင်းဆိုင်ရာ  ဝေဒနာထက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ က ပိုမိုသိသာထင်ရှားကြောင်း သိရသည်။
“အရက်စွဲဝေဒနာ ခံစားနေရပြီ ဆိုရင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ အနေနဲ့ စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိတ်လှုပ်ရှားတာ၊ ကယောင်ချောက်ချားဖြစ်တာ၊ အာရုံမဲ့လှုံ့ဆော်မှုတွေ ခံစားရတာ၊ အသံပြုသူမရှိဘဲ တစ်ဦးတည်း ကြားချင်ရာကြားနေတာ၊ ရုပ်ဝတ္ထုမရှိဘဲ မြင်ချင်ရာမြင်နေတာ၊ ခန္ဓာကိုယ်ပေါ်မှာ ပြုလုပ်သူမရှိဘဲ အထိအတွေ့တွေ ခံစားနေရတာ၊ ညဘက် တွေမှာ ထိတ်လန့်ဖွယ်ရာတွေ ခံစားနေရတာတွေနဲ့ အိပ်မပျော်တာ၊ မိမိ ကိုယ်ကို သေကြောင်းကြံတာ၊ သူတစ်ပါးရန်လိုတဲ့ စိတ်တွေဖြစ်ပေါ်တာတွေ ခံစားရလေ့ရှိတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အနေနဲ့ တစ်ညလုံး ကောင်းကောင်း မအိပ်တော့တာတွေနဲ့ နေ့စဉ်ရက်ဆက် အစားကောင်းကောင်း မစားတော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒီလိုဝေဒနာ တွေ ခံစားနေရတဲ့သူတွေကို ဆေးရုံ၊ ဆေးခန်းတွေမှာရှိတဲ့ နားလည်ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသပေးသင့် ပါတယ်။ အဲဒီလိုမှ မလုပ်ရင်အရက်စွဲ လူနာက ကြာလာတာနဲ့အမျှ သူ့ကိုယ် သူရော၊ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ ကိုပါ အသက်အန္တရာယ်ပေးတဲ့ အဆင့်အထိ ရောက်နိုင်ပါတယ်”ဟု စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန်ကဆိုသည်။
အလားတူယခင်က ဘီယာဆိုင် နှင့်အရက်ဆိုင်များ၌ အမျိုးသားများ သာ ဆိုင်ထိုင်သောက်သုံးမှုများ ရှိခဲ့ ပြီး ယခုအခါတွင်မူ အမျိုးသမီးများပါ ဘီယာဆိုင်ထိုင်ကာ ဘီယာသောက်သုံးမှုများ ရှိလာကြောင်း သိရသည်။
အမျိုးသမီး အများစုမှာအရက်၏ ဆိုးကျိုးသက်ရောက်မှုဖြစ်သော စိတ်ကစဥ့်ကလျား ရောဂါဖြင့်တက်ရောက် ကုသမှုခံယူကြကြောင်း၊ ၎င်းတို့၏ Lifestyle ကိုပြုပြင်ပြောင်းလဲခြင်း မပြုလုပ်နိုင်သဖြင့် ဆေးရုံသို့ နောက်တစ်ကြိမ် တက်ရောက်ကုသမှု ခံယူကြရကြောင်း သိရသည်။    

EMG

0 comments:

Post a Comment