Thursday, December 29

ခြောက်ဘာသာဂုဏ်ထူးရှင်များ ဒေါ်အောင်ဆန်းစုကြည်ကို စံထားကြောင်းပြော

ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (ဝိုင်အမ်ဘီအေ) က ၂၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ မြန်မာစာ အမှတ်အများဆုံး ရရှိသူများအား  ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၁၈-၁၂-၂၀၁၁ ရက် နံနက်က ရန်ကုန်မြို့ ရေကျော်လမ်း အသင်းတိုက်ခန်းမတွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးတင်ဝင်း (မဟာမင်္ဂလဓမ္မ ဇောတိကဓဇ) က အမှာစကား ပြောကြားပြီး သက်ကြီးပုဂ္ဂိုလ်များအား ပူဇော် ကန်တော့ကြသည်။  ဆက်လက်၍ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့ရရှိသူနှစ်ဦးနှင့် မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ ရရှိသူ ငါးဦးအား ဘွဲ့တံဆိပ်များ ချီးမြှင့်ပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာ ပထမရရှိသူ တစ်ဦး၊ ဒုတိယရရှိသူ နှစ်ဦးနှင့် တတိယရရှိသူ နှစ်ဦးတို့အား အမှုဆောင်အဖွဲ့က ဆုငွေကျပ် တစ်သိန်းစီကိုလည်းကောင်း၊ ဦးရဲဝေ (မြန်မာစာ) က ကျပ်ငါးသောင်းစီ အပါအဝင် အခြားအလှူရှင်များကလည်းကောင်း ဆုများ ချီးမြှင့်ကြသည်။

ဆုရရှိသူများအား တွေ့ဆုံမေးမြန်းရာ တစ်နိုင်ငံလုံးတွင် မြန်မာစာ ၈၄ မှတ်ဖြင့် ပထမရရှိသော ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖြူနှင်းသန့် (အထက၄၊ အလုံ)က............



“သမီးရဲ့မိဘများက ဦးသန့်ဇင် (ကျောင်းဆရာ) နဲ့ ဒေါ်ခင်ညိုကြည် ဖြစ်ပါတယ်။ မြန်မာစာကို ဘယ်လိုကြိုးစားသလဲဆိုတော့ ပုံနှိပ်ကို သေသေချာချာ ဖတ်ပါတယ်။ မြန်မာသဒ္ဒါကို “၏” “သည်” မမှားအောင် ကျက်ပါတယ်။ သဒ္ဒါလေ့ကျင့်တဲ့အခါ ပုံနှိပ်ထဲက လေ့ကျင့်ခန်းတွေကို အရင်ရအောင် လေ့ကျင့်ပါတယ်။ ပြီးမှ မေးခွန်းဟောင်းတွေကို လေ့လာပါတယ်။ ခက်ဆစ်တွေကိုလည်း “၏”  “သည်” မမှားရအောင် ပုဒ်ကလေး၊ ပုဒ်မကြီးတွေ မမှားရအောင် ရေးကျက်ပါတယ်။ အလင်္ကာတွေ၊ မေးခွန်းတိုတွေ၊ မေးခွန်းရှည်တွေ ဖြေဆိုနိုင်ဖို့အတွက် ပုံနှိပ်ကို ဖတ်ပါတယ်။ စာစီစာကုံးတွေကိုလည်း စာအုပ်တွေဖတ်ပြီး ကိုယ်ပိုင်အရေးအသားဖြစ်အောင် အရေးလေ့ကျင့်ပါတယ်။ သမီးကျောင်းပြီးသွားရင် စေတနာဆရာဝန်လုပ်ဖို့ ရည်မှန်းထားပါတယ်။ သမီးရဲ့ဘဝမှာ စံပြုရတဲ့ ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး မြန်မာစာ ၈၃ မှတ်ဖြင့် ဒုတိယရရှိခဲ့သော ခြောက်ဘာသာဂုဏ်ထူးရှင် မပန်းပြည့်ပြည့်ပိုင် (TTC ကမာရွတ်) က......................

“သမီးရဲ့ မိဘတွေက ဦးဌေးနိုင် (စစ်မှုထမ်း)၊ ဒေါ်ဥမ္မာမြင့်တို့ ဖြစ်ကြပါတယ်။ သမီးက စာတွေရအောင် ကြိုးစားတာကတော့ ဆရာ၊ ဆရာမတွေရဲ့ လမ်းညွှန်မှုအတိုင်း ကျက်မှတ်ခဲ့ပါတယ်။ ဘာသာစုံကို အချိန်ဇယား စနစ်တကျဆွဲပြီး ကျက်မှတ်ခဲ့ပါတယ်။ ကျောင်းပြီးသွားရင် ဆရာဝန်လုပ်မယ်လို့ ရည်မှန်းထားပါတယ်။ သမီးဘဝမှာ စံနမူနာ ထားရတဲ့ ပုဂ္ဂိုလ်ကတော့ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ဖြစ်ပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး မြန်မာစာ ၈၃ မှတ်ဖြင့် ဒုတိယရသူ နောက်တစ်ဦးဖြစ်သော ခြောက်ဘာသာဂုဏ်ထူးရှင် မကြယ်စင်လင်း (အထက-၁ ညောင်လေးပင်) က..........



“သမီးက စာသင်နှစ်စကတည်းက တစ်နေ့စာတစ်နေ့ ပုံမှန် လေ့လာကျက်မှတ်ပါတယ်။ အချိန်ဇယားဆွဲပြီး မကျက်ပါဘူး။ ကျက်သမျှ စာတွေကို ချရေးပါတယ်။ အိပ်ချိန် တစ်နေ့ ခြောက်နာရီ ပုံမှန်ထားပြီး ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ ပြင်ပက ဗဟုသုတ ရရှိစေမယ့် စာအုပ်တွေကိုလည်း ဖတ်ပါတယ်။ အထူးသဖြင့် ဂုဏ်ထူး ဦးသိန်းနိုင်၊ ဦးရဲဝေ (မြန်မာစာ)၊ Educator  နဲ့ ဂုဏ်ထူး ဦးအောင်ခိုင်တို့ရဲ့ စာအုပ်တွေ ဖတ်ပါတယ်။ သမီးရဲ့ မိဘတွေက ဦးကျော်ဆန်းဦး (ကုန်သည်) နဲ့ ဒေါ်ကြည်ကြည်ဆွေ (ဆရာမ) တို့ ဖြစ်ပါတယ်။ သမီးကြီးလာရင် ဆိပ်ကမ်းအင်ဂျင်နီယာဖြစ်ဖို့ ရည်မှန်းထားပါတယ်။ သမီးဘဝမှာ စံထားရသူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ဖြစ်ပါတယ်ရှင်” ဟု ပြောကြားသည်။

ထို့နောက် တစ်နိုင်ငံလုံးတွင် မြန်မာစာ ၈၂ မှတ်ဖြင့် တတိယရသော ခြောက်ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ရီ (TTC ကမာရွတ်) က...............



“သမီးရဲ့မိဘတွေက ဦးမင်းမင်း (လ/ထညွှန်မှူး၊ မန္တလေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန) နဲ့ ဒေါ်မော်မော်လှိုင်တို့ ဖြစ်ပါတယ်။ သမီးက နွေရာသီ ပိတ်ရက်မှာကတည်းက အမှတ်အပြည့်ရနိုင်မယ့် ခက်ဆစ်၊ သဒ္ဒါတွေကို အပိုင်ကျက်ခဲ့တယ်။ စကားပြေ၊ ကဗျာ၊ ရေသည် အပုဒ်ရှည်တွေကို တစ်ပုဒ်သင်ပြီးတိုင်း ပြီးအောင်ကျက်တယ်။ စာစီစာကုံး အတွက်ကတော့ ကိုးတန်းနှစ်ကတည်းက တစ်ပတ်ကို တစ်ပုဒ်ကျ ရေးကျင့်တယ်။ ၁၀ တန်းမှာ စာတွေများပြီး မရေးနိုင်တဲ့အခါမှာ အထောက်အကူဖြစ်မယ့် စာစီစာကုံး စာအုပ်တွေ ဝယ်ဖတ်ပြီး ရေးရမယ့် အချက်တွေကို စဉ်းစားတယ်။ မေးခွန်းတွေကို အပိုင်ဖြေနိုင်အောင် ဖတ်စာအုပ်ကို ဖတ်ပါတယ်။ သဒ္ဒါလေ့ကျင့်ခန်းတွေကို စာမေးပွဲမဖြေခင် အပတ်တိုင်း ဆရာမနဲ့အတူ လေ့ကျင့်ပါတယ်။ သမီးကြီးလာရင် အထူးကု ဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်ပါတယ်။ သမီး အားကျစံထားမိတာကတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး သူ့ကို အရမ်း လေးစားမိပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးတွင် မြန်မာစာ ၈၂ မှတ်ဖြင့် တတိယရသူ နောက်တစ်ဦးဖြစ်သော သုံးဘာသာဂုဏ်ထူးရှင် မသက်ထားနိုင် (အထက၊ ပြွန်တန်ဆာ၊ ညောင်လေးပင်မြို့နယ်) က...........



“သမီးရဲ့ မိဘတွေက ဦးတင်နိုင်ကို (လယ်သမား)၊ ဒေါ်ကြူကြူမော်ပါ။ သမီးက တစ်နေ့ပေးတဲ့ စာတွေကို တစ်နေ့တည်း အပြီးလုပ်ပါတယ်။ ည ၁၂ နာရီအထိ စာကျက်ပြီး၊ မနက် ၆ နာရီမှာ သင်ခန်းစာတွေကို တစ်ကြိမ် ပြန်လေ့လာပါတယ်။ အချိန်ဇယားဆွဲပြီး စာကျက်ပါတယ်။ စာစီစာကုံးနဲ့ Essay, Letter တွေကို တစ်ပတ်ကို တစ်ပုဒ်နှုန်း လေ့ကျင့်ပါတယ်။ သမီးက ပန်းချီလည်း ဝါသနာပါပါတယ်။ ကြီးလာရင် ကျောင်းဆရာမ လုပ်မယ်လို့ စိတ်ကူးထားပါတယ်။ သမီး စံအထားရဆုံးပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်” ဟူ၍ ပြောကြားလိုက်လေသည်။                  

မြင့်သူရ

0 comments:

Post a Comment