Monday, December 26

Freedom ရုပ်ရှင်ပြိုင်ပွဲဝင် ကားများ အခမဲ့ကြည့်ရှုနိုင်

အောက်တိုဘာ ၃၁ ရက်နေ့ Freedom ရုပ်ရှင်ပြိုင်ပွဲအကြောင်း မီဒီယာ ရှင်းလင်းပွဲကျင်းပစဉ်က
Freedom ရုပ်ရှင်ပြိုင်ပွဲတွင် ပါဝင်ပြသမည့် ကားများအား ပြည်သူများအခမဲ့ ကြည့်ရှုနိုင်ကြောင်း ယင်းပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁နေ့ ညနေ၃နာရီမှ ၄နာရီကြားတွင်တော်ဝင်စင်တာ သတ္တမထပ် ရှိ ရုပ်ရှင်ရုံတွင် ကျင်းပမည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ၃ရက်နေ့အထိ ယင်းရုပ်ရှင်ရုံတွင်  နံနက်၁၀နာရီမှ ၆ နာရီအထိ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း ၄င်းကပြောသည်။

အဆိုပါပြိုင်ပွဲတွင် Documentry၊ Animation နှင့် Short Film ဟူ၍အမျိုးအစား သုံးမျိုးပါဝင်ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၈၇ ကားပါဝင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများတွင် နာမည်ရပြီး ရုပ်ရှင်ဒါရိုက်တာများ ရိုက်ကူးသည့် လက်ရာများထက် နာမည်ရပြီးသားမဟုတ်သူများ ရိုက်သည့် လက်ရာက ပိုမိုများကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

“ပြည်သူတွေကို စတင်ပြသမယ့်နေ့တွေမှာ ပြိုင်ပွဲဝင်အားလုံးရဲ့ကားတွေထဲကနေ ရွေးချယ်ပြီး ပြသသွားမှာပါ”ဟု ၎င်းကဆိုသည်။
ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး Best Documentryဆု၊ Best Short Film ဆု၊ Audience Choice (ပရိတ်သတ်က ရွေးချယ်ပေးသည့်) ဆုနှင့် Best Animation ဟူ၍ စုစုပေါင်း ၄ ဆုသတ်မှတ်ထားကြောင်း၊ ဆုငွေအဖြစ် ကျပ်ဆယ်သိန်းနှင့် ဆုတံဆိပ်၊ လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

အဆိုပါပြိုင်ပွဲတွင် “အဲဒီအခန်းဖြတ်” အမည်ဖြင့်ဇာတ်လမ်းတို ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဒါရိုက်တာဝိုင်းက ပြိုင်ပွဲဝင်ရသည့် ရည်ရွယ်ကို ယခုကဲ့သို့ပြောပြသည်။

 “အစ်ကိုတို့လောကမှာ ဒီလိုဆင်ဆာကိစ္စတွေရှိနေတယ်ဆိုတာ ပြည်သူလူထုကိုလည်း သိစေချင်တယ်။ နိုင်ငံတကာကိုလည်းသိစေချင်တယ်။ အစ်ကိုက Freedom ဆုကိုယူပြီး နိုင်ငံရပ်ခြားမှာ ရုပ်ရှင်ပညာ သင်ချင်ပါတယ်” ဟုဆိုသည်။

အဆိုပါ ဇာတ်လမ်းတိုရိုက်ကူးရခြင်းနှင့်ပတ်သတ်ပြီး လက်ရှိရုပ်ရှင်လောကသားများရင်ဆိုင်နေရသော ဆင်ဆာမူဝါဒလျှော့ချရေးနှင့် ရုပ်ရှင်လောကကောင်းစားရေးအတွက်ရည်ရွယ်ပြီး တခြားလူပုဂ္ဂိုလ်ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ရည်ရွယ်တိုက်ခိုက်လိုခြင်းမဟုတ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

Freedom ရုပ်ရှင်ပြိုင်ပွဲတွင် ပါဝင်ပြသမည့် ရုပ်ရှင်ကားများမှာ  ဆင်ဆာအဖွဲ့သို့ တင်ပြရန်မလိုဘဲ ပြသခွင့်ရရှိမည်ဖြစ်သည်။ လက်ရှိရုပ်ရှင်လောကတွင်မူ ရုပ်ရှင်နှင့် ဗီဒီယိုကားတိုင်း ဆင်ဆာတင်ရပြီး ဆင်ဆာကြေးအနေဖြင့် တရားဝင်ကုန်ကျစရိတ်ထက် သုံးဆခန့်ပိုမိုပေးနေရကြောင်း ရုပ်ရှင်နှင့် ဗီဒီယို လောကသားများက ပြောဆိုသည်။      ။
YPI

0 comments:

Post a Comment