Friday, February 3

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ

လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။

ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။

 
ပုသိမ်တက္ကသိုလ်

ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။

 “အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း YPI သို့ပြောသည်။

စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။

ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ  တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။

ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။       ။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)

0 comments:

Post a Comment