Saturday, December 17

ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံနှင့်တီရှပ်များ ၀ယ်ယူနှုန်းနှစ်ဆမြင့်တက်

နိုင်ငံတော်သမ္မတအသစ် ပြောင်းလဲပြီးနောက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံများ နှင့်တီရှပ်များကို အထက်ဗမာပြည် အောက်ဗမာပြည်ရှိ ပြည်သူအချို့သည် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးသို့ လာရောက်ဝယ်ယူနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာကြောင်း သိရှိရသည်။။

“အရင်က အခမ်းအနားနေ့လောက်ဘဲ ပွဲလာတက်ရင်းနဲ့ဘဲ သုံးလေးပုံ ၀ယ်ကြတာ အခု တစ်လကို တစ်ခေါက်နှုန်းနဲ့ အမြဲဘဲ အထက်ဗမာပြည် ၊ အောက်ဗမာပြည်က လူတွေ တော်တော်များများ  ဒေါ်အောင်ဆန်းစုကြည် ပုံအကြီးအသေး မျိုးစုံ လာဝယ်ကြတယ် ပြီးမှ နယ်တွေကို ပြန်ဖြန့်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပိုစတာများ ရောင်းချနေသူ ဒေါ်ဝေေ၀သိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗီနိုင်း ၊ တီရှပ် ၊ သော့ချိတ်၊ မတ်ခွက် ၊ ဒိုင်ယာရီစာအုပ် နှင့် ဆွဲကြိုး အမျိုးမျိုးကို ရောင်းချပေးချခြင်းကို စိတ်ဝင်စားစွာဖြင့် လာရောက် အားပေးကြသူများမှာလည်း ယမန်နှစ်ထက် တိုးလာကြောင်း အဆိုပါ ပစ္စည်းများရောင်းချနေသူ ထံမှ သိရှိရသည်။

အချို့သောပြည်သူများမှာ ယခင်စစ်အစိုးရလက်ထက်တွင် လာရောက်ဝယ်ယူချင်သော်လည်း ဖမ်းဆီး ချုပ်နှောင်ခံရခြင်း  ၊ မေးမြန်းစစ်ဆေးခြင်းများပြုလုပ်မည်ကို ကြောက်ရွံ့ခြင်းကြောင့် မ၀ယ်ဖြစ်ကြောင်း၊ ယခု နိုင်ငံတော်သမ္မတသစ်လက်ထက်တွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုလာခြင်းနှင့်အညီ ဆွေးနွေးညှို့နှိုင်းမှုများ ပြုလုပ်လာသောကြောင့် လာရောက်ဝယ်ယူရဲခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးထံမှ သိရှိရသည်။

“ အရင်က ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ပေါ်ပေါ်ထင်ထင် မ၀ယ်ရဲဘူး အန်အယ်လ်ဒီရုံးရှေ့ကနေ ကားနဲ့ဖြတ်သွားရင်ဘဲ လှမ်းကြည့်ရအမောပဲ၊ အခု နိုင်ငံတော်သမ္မတအသစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးမှုတွေ ညှို့နှိုင်းမှုတွေ လုပ်နေပြီဆိုတာတွေ ပြီးတော့ အပြင်မှာလည်း ရောင်းနေကြပြီဆိုတော့ အခုမှ ကျွန်မလာ ၀ယ်ရဲတာ မဟုတ်ရင် ဘယ်တော့လောက်နောက်ယောင်ခံမလဲဘဲ ကြောက်နေရတာ “ဟု ရန်ကုန် ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံဖြင့် တံဆိပ်ရိုက်ထားသော တီရှပ်တစ်ထည်လျှင် ၂၅၀၀ကျပ် မှ ၅၀၀၀ ကျပ် ၊ ဗီနိုင်းတစ်ခုလျှင် ၁၅၀၀ ကျပ်မှ  ၃၀၀၀ကျပ်အထိရှိပြီး ကြွေဖန်ခွက်တစ်ခွက်လျှင် ၃၀၀၀ ကျပ်ရှိကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
နိုဝင်ဘာ ၂၇၊ ရန်ကုန်မြို့။

0 comments:

Post a Comment