Tuesday, December 27

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ကို လက်ခံတွေ့ ဆုံ

၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် Koichiro Gemba သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။  

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များ တိုးတက်မှုများအတွက် အားတက်မိကြောင်း မြန်မာနိုင်ငံသို့ မလာရောက်မီ ပြောကြားထားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွှတ်ပေးရန်နှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပရန်တို့ကိုလည်း ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒီဇင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်း လေးရက်ကြာမြင့်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံ ခရီးစဉ်အရ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba သည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ၏ ခရီးစဉ်သည် ၂၀၀၂ ခုနှစ် သြဂုတ်လတွင် လာရောက်ခဲ့သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoriko Kawaguchi ၏ ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ ခရီးစဉ်ဖြစ်သည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ကို ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အသစ်ပေးမှုအား တားမြစ်ထားမှုကို ဖယ်ရှားခဲ့သော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အကူအညီအပြည့်အ၀ မပေးနိုင်သေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ထောက်ပံ့မှုကို  ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစသည့် နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အပြည့်အ၀ ပြန်လည်ပေးနိုင်ရေးအတွက် တရားဝင်ဖွံ့ဖြိုးရေး အကူအညီ မူဝါဒဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို နေပြည်တော်၌ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးညှိနှိုင်းပွဲ၌ မြန်မာအစိုးရသစ်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေး အကူအညီမူဝါဒများအပြင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ လက်ရှိစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒအရ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်း နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရပ်သားအုပ်ချုပ်သည့်စနစ်သို့ မကြာသေးမီက ပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံအတွက် ဈေးကွက်စီးပွားရေးနှင့် တည်ငြိမ်သည့်လူမှုရေးကို အခြေခံသည့် ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးသည် အရေးကြီးသည်ဟု ဂျပန်နိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ဖြစ်ပေါ်လာမှုကို စောင့်ကြည့်နေစဉ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရန် ရည်ရွယ်ပါကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၉ သန်း ရှိကြောင်း သိရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစာရင်းတွင် အဆင့် ၁၂ ၌ ရပ်တည်နေသည်။
EMG

0 comments:

Post a Comment