
Tuesday, January 24
ပါကစ္စတန် သမ္မတ မြန်မာနိုင်ငံရောက်ရှိ ဒေါ်အောင်ဆန်းစုကြည် အား ဘာနေဇာဘူတို အထိမ်းအမှတ် ဆုတံဆိပ်ပေးအပ်ဖို့ရှိ
ပါကစ္စတန်သမ္မတ အာဆစ် အလီဇာဒါရီဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာ ချစ်ကြည်ရေး အလည်အပတ်ခရီးအဖြစ် ကြိုတင် ကြေညာထားခြင်းမရှိဘဲ မနေ့က ရောက်ရှိနေပါတယ်။

ပါကစ္စတန် သမ္မတ
ဒီခရီး စဉ်အတွင်း သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ဒေသတွင်းနဲ့နိုင်ငံတကာ နှစ်နိုင်ငံ အကျိုးတူကိစ္စတွေ အထူးသဖြင့် စီးပွားရေးနဲ့ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးမယ်လို့ပါကစ္စတန်သမ္မတရဲ့ ဝက်ဆိုက်မှာ ကြေညာထားပါတယ်။
နှစ်နိုင်ငံအကြား ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံစီးပွားရေး ကိုယ်စားလှယ်တွေ မကြာခဏ သွားလာဖလှယ်ကြဖို့လည်း ဆွေးနွေးကြဖို့ ရှိတယ်လို့သိရပါတယ်။
ပါကစ္စတန်သမ္မတဟာ နောက်တနေ့မှာ ရန်ကုန်ကို သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံဖို့ ရှိနေတယ်လို့ ပါကစ္စတန်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဟာတူလာဘာဘာရဲ့ ကြေညာချက်မှာပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘာနေဇာဘူတို အထိမ်းအမှတ် ဆုတံဆိပ်ပေးအပ်ဖို့ ဆုချီးမြှင့်ရေးအဖွဲ့က ပုဂ္ဂိုလ်တွေ လာရောက်ဖို့ ရှိတယ်လို့ ပြောပါတယ်။
၂၀၀၇ ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုဟာ ဒေါ်ဆောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခံနေစဉ်က ပြန်လွှတ်ပေးဖို့အာဆီယံခေါင်းဆောင်တွေကို စာရေး တောင်းဆိုခဲ့ဖူးပါတယ်။ ပါကစ္စတန်သမ္မတ ခရီးစဉ်မှာ ပါကစ္စတန်ပြည်သူ့ပါတီက ဥက္ကဋ္ဌ Bilawal Bhutto Zardari ဘာဘာဝယ်လ် ဘူတိုဇာဒါရီလည်း လိုက်ပါသွားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက် ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေသာမက အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေပါ မြန်မာနိုင်ငံကို ခပ်စိတ်စိတ် သွားရောက် လည်ပတ်နေချိန်မှာ ပါကစ္စတန် ခေါင်းဆောင်တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးဒေါက်တာ နေဇင်လတ်ကတော့ အခုလို နိုင်ငံတကာက အကြီးအကဲတွေ မြန်မာနိုင်ငံကို အဆက်မပြတ် လာရောက်လာရတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ် တိုးတက်ဖြစ်ထွန်းမှုရဲ့ ရလဒ်ဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာမယ်လို့ပြောပါတယ်။
“အခုကျ နော်တို့ နိုင်ငံရေးဖြစ်စဉ်က တိုးတက်မှုကို တော်တော်လေး ထင်သာမြင်သာလေး ရနေပြီ။ နောက်ပြီး အနောက်ဖက်ကနေ ဖိအားတွေ ပိတ်ဆို့မှုတွေကလည်း တချို့လည်း စပြီးတော့ ဖြုတ်မှာပေါ့၊ အဲဒီတော့ နိုင်ငံ တနိုင်ငံအနေနဲ့က တစ်က ပုံမှန်အနေအထားကို ပြန်ရောက်သွားတာပေါ့။ အဲဒီအခါမှာ နိုင်ငံတကာဆက်ဆံရေးမှာ ပိုကောင်းလာပြီ။ ရင်းနှီးမြှုပ်နှံမှုကလည်း ပိုလာပြီ။ နှစ်နိုင်ငံမှာ အကြီးအကဲတွေ တနိုင်ငံနဲ့ တနိုင်ငံ လည်ပတ်ကြပြီဆိုတဲ့ အချိန်မှာ နောက်ပိုင်းမှာ နိုင်ငံရေးလည်း ပါမယ်လေ။ စီးပွားရေး ကတိကဝတ်တွေလည်း ပါကြမယ်။ ဘာပဲပြောပြော နှစ်နိုင်ငံက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ၊ နိုင်ငံရေး ရင်းနှီးမှုတွေ ဒါတွေကျတော့ ပိုအားကောင်းလာမှာပါ။”
ပါကစ္စတန် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့စီးပွားရေး အလားအလားတွေနဲ့ ပတ်သက်ပြီး မြန်မာ့ဓနစီးပွားရေး မဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစောက ခုလို သုံးသပ် ပြောကြားပါတယ်။
“ကျနော်သိသ လောက်တော့ နဂိုကတည်းက ကုန်သွယ်မှုက ရှိပါတယ်။ ဆေးဝါးတွေပေါ့။ သူတို့ဘက်က သွင်းတာတွေ ရှိတယ်။ နောက် စစ်ရေးပေါ့။ တပ်မတော်လည်း ဟိုးအရင်တုန်းက သူတို့ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ရင်းနှီးမြုပ်နှံမှုတော့ ကျနော်တို့ သိသလောက် သိပ်မရှိဘူး။ လာမယ်ဆိုရင်တော့ သူ့မှာရှိတဲ့ နည်းပညာတွေနဲ့ လာလို့ရတာပေါ့။ နဂိုကတည်းက ဆက်ဆံရေးက ဗမာက အိန္ဒိယနဲ့ကော ပါကစ္စတန်နဲ့ပါ မျှပြီးတော့ ဆက်ဆံထားတော့ တယောက်က ခင်မင်ရင်းနှီးမှု ရှာတော့ နောက်တယောက်ကလည်း ရှာတာပေါ့။ အဲဒီသဘောပဲ ရှိပါတယ်။ ကျနော်တို့ ဒီမှာရှိတဲ့ ရေနံရှာဖွေရေးတို့ ဘာတို့မှာ စိတ်ဝင်စားကောင်း စိတ်ဝင်စားမယ်။ ဒါပေမယ့် လာတဲ့ထဲမှာတော့ ကိုယ့်အိမ်နီးချင်းထဲမှာဆိုရင် သူက နည်းနည်းတောင် နောက်ကျသေးတယ်လို့ ပြောလို့ရတယ်။”
ပါကစ္စတန်နိုင်ငံဟာ မြန်မာအပါဝင် အာဆီယံနိုင်ငံတွေနဲ့လည်း လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူ စာချုပ်တွေ အပြီးသတ် ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။ မြန်မာအစိုးရပိုင် သတင်းစာတွေမှာတော့ ပါကစ္စတန်သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ရေးသား ဖော်ပြခြင်း မရှိသေးပါဘူး။
ဒီဗွီဘီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment