Wednesday, December 28

စက်ဆန်းမီးဘေးသင့် ပြည်သူများ အကူအညီလိုအပ်လျက်ရှိ

ပုစွန်တောင်မြို့နယ် ABC စက်စန်းကုန်လှောင်ရုံ မီးလောင်ကျွမ်းခြင်းကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားသော အ.မ.က ကျောင်းအမှတ် ၂၀ နှင့် ၂၄ မှ မီးဘေးသင့် ဒေသခံများကို ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရှိရသည်။

ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက်တွင် နေအိမ်ဆုံးရှုံးသူ ဦးရေ နှစ်ရာကျော် ရှိပြီး ဒဏ်ရာရရှိသူများကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ နှင့် ရွှေဂုံတိုင် ဆေးရုံမှ ဆရာဝန်များ အခမဲ့ လာရောက် ကုသပေးလျက် ရှိကြောင်း သိရှိရသည်။

“ကျွန်တော်က ခေါင်းထိသွားတယ် ကျွန်တော့်ညီမလေးထိမှာဆိုးလို့ ကာပေးလိုက်တာ ဆရာဝန်တွေ အခမဲ့ ကုသပေးပါတယ် “ဟု ကတိုးရပ်ကွက်နေ အသက် ၁၂နှစ်ဝန်းကျင်ကလေးငယ် တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းတိုက်မှ မီးဘေးသင့် ဒေသခံများသည် ဆေးဝါးကုသမှု လုံလောက်စွာရှိသော်လည်း အ၀တ်အထည်နှင့် အိမ်ယာခင်းများ လိုအပ်လျက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းမှ ကူညီပေးသူများထံမှ သိရှိရသည်။

“ဒီမှာ ဆေးဝါးအတွက်ကတော့ လာပြီးကူညီပေးကြပါတယ် အစားအသောက်ကလည်း သိပ်မပူရသေးဘူး အခုလိုအပ်နေတာက အ၀တ်အထည်ပေါ့ သူတို့က မီးပေါက်ကွဲမှုစဖြစ်တော့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာတော့ ဘာမှ ယူချိန်မရဘူး ဆောင်းတွင်းဆိုတော့လဲ အေးတော့ သူတို့အတွက် အ၀တ်အစားတို့ စောင်တို့ ခြင်ထောင်တို့ လိုအပ်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုလှဌေးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့်ကုန်လှောင်ရုံနှင့် မျက်နှာချင်း ဆိုင်တွင်ရှိသော ကူးတို့ ဆိပ်ရပ်ကွက် သည် မီးကူး                 စက်လောင်ကျွမ်းခြင်း မခံခဲ့ရသော်လည်း၊ ကုန်လှောင်ရုံအတွင်း ပေါက်ကွဲ မှုအရှိန်ကြောင့် အိမ်ခြေ၂၅၀                              ခန့် ပြိုလဲပျက်စီးသွားခဲ့ပြီး  အဆိုပါရပ်ကွက်မှ ဒေသခံများသည် ပုသိမ်ညွှန့် ရာကျော်ကျောင်းတိုက်တွင် ထားရှိထားကြောင်း စုံစမ်းသိရှိရသည်။

လှူဒါန်းလိုသူများအနေဖြင့်  ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက်သို့ လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
ဒီဇင်ဘာ ၂၉၊ရန်ကုန်မြို့။

0 comments:

Post a Comment