Tuesday, January 24

မှောင်ခိုလမ်းကြောင်း နဲ့ အရက်တုတွေ အကြောင်း ၀န်ကြီး ဦးဝင်းမြင့် ထုတ်ဖော်ပြောဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ်မြို့  အိန္ဒိယ - မြန်မာနယ်စပ်ဖြတ် မှောင်ခိုလမ်းကြောင်း တခုအားတွေ့ ရစဉ်  (ဓါတ်ပုံ-Google Images) 


မှောင်ခိုတင်သွင်းမှုများအား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲ၌  ပြောကြားခဲ့ ပါသည်။

"မှောင်ခိုတွေ လိမ့်သွင်းတဲ့အတွက် ပြည်တွင်းက ကုန်ပစ္စည်း ထုတ်လုပ်သူတွေ စက်ရုံတွေတောင် ပိတ်ရတော့မယ့် အခြေအနေတောင် ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရတယ်။ ကျွန်တော်တို့ မှောင်ခိုပစ္စည်းအဓိကဝင်တဲ့ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနဲ့ စက်မှုဇုန်တွေအထိဆင်းပြီး အစည်းအဝေးတွေလုပ်မယ်။ ဘယ်ဟာက မှောင်ခိုပစ္စည်း၊ ဘယ်ဟာက တရားဝင်ပစ္စည်းဆိုတာ ရှင်းပြမယ်။ ဒီလိုရှင်းပြပြီး အသိပေးပြီးမှ မှောင်ခိုပစ္စည်းဆို အခွန်ဘယ်လို ဆောင်ရမယ်ဆိုတာ လုပ်မယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ သုံးလအတွင်း၊ ရက် ၉၀ အတွင်းပေါ့ဗျာ လျော့ကျအောင်လုပ်သွားမယ်" ဟု ဆိုသည်။

ဒါ့အပြင် ပြည်တွင်းထုတ် အရက်အတုနှင့် ပြည်ပမှ တရားမ၀င်တင်သွင်းသည့် အရည်အသွေးနိမ့်ဆေးဝါးများကြောင့် အများပြည်သူ ထိခိုက်ခံစားနေရဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ---

 "ကျေးရွာ ၁၀ ရွာမှာ ၆ ရွာလောက်က အရက်အတုနဲ့ ပြည်ပနိုင်ငံက တရားမ၀င်တင်သွင်းတဲ့ အရည်အသွေးနိမ့် ဆေးဝါးတွေသုံးနေတယ်။ ဧရာဝတီတိုင်းဒေသကြီးရော စစ်ကိုင်းတိုင်းဒေသကြီးမှာပါ တွေ့ရတယ်။ အရက်တုသောက်တဲ့သူတွေဆို မျက်နှာတွေဖောရောင်နေတယ်။ အသက်အရွယ်နဲ့မလိုက် အိုမင်းနေတယ်။ အဲလိုပုံစံတွေကို သေချာသိအောင်ပြချင်ပါတယ်။ ဒီကိစ္စတွေကို မီဒီယာတွေအနေနဲ့လည်း ရေးသားစေချင်ပါတယ်"ဟု ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment