Tuesday, January 24

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့သို့ သွားရောက်

ပဲခူးရွှေမော်ဓောဘုရားအဆင်းတွင် ယာဉ်ထိန်းရဲအရာရှိတစ်ဦးကို ကိုမင်းကိုနိုင်မှ““ကျနော်တို့ပြန်တော့မယ်။ အခုလိုကူညီတာ ကျေးဇူးတင်ပါတယ်””ဟု ဆိုကာ လက်ဆွဲနှုတ်ဆက် ခဲ့သည်။ ပဲခူးမြို့တစ်လျှောက်တွင် ကိုမင်းကိုနိုင်တို့ စီးနင်းလာသော ယာဉ်တန်းအား ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီခဲ့ကြသည်။
(ဓာတ်ပုံ- ကိုပိုင်-JPaing)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည် ယနေ့နံနက် ကိုးနာရီခွဲ ပဲခူးမြို့၊ဂရင်းဆိုရှယ်ခန်းမတွင် ပြုလုပ်သော လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများ၊ ဗကသကျောင်းသားများ၊ GW အဖွဲ့ဝင်လူငယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ပြည်သူလူထုများ သုံးရာကျော်ခန့်တက်ရောက်ခဲ့ကြသည်။ ““ကျနော်တို့ ထောင်ကျခဲ့ပေမယ့် အကျဉ်းမကျခဲ့ပါဘူး။ ကျနော်တို့ကိုခြိမ်းခြောက်ခဲ့တဲ့ ကြောက်အောင်လုပ်ခဲ့တဲ့လူတွေ ကိုယ်၌ကိုယ်က အုတ်နံရံတွေ အထပ်ထပ်နဲ့ သူတို့ကိုယ်သူတို့ အကျဉ်းကျအောင်လုပ်ထားတာကို သတိမထားမိကြပါဘူး။ အတိတ်ထဲပိတ်မိနေတဲ့ အတိတ်အကျဉ်းသား တွေ အဖြစ်က လွတ်မြောက်စေချင်ပါတယ်။ ကိုယ်ကလွဲရင် တခြားသူတွေကို မယုံမကြည်ဖြစ်နေတဲ့ သံသယအကျဉ်းသားတွေအဖြစ်က လွတ်မြောက်စေချင်ပါတယ်””ဟု ကျောင်းသားခေါင်းဆောင်ကိုကိုကြီးက အခမ်းအနားတွင်ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် GW မှ ရဲခေါင်၏ သံစဉ်အား ကိုမင်းကိုနိုင်စာသားထည့်သွင်းကာ ထောင်အတွင်းရေးစပ်ခဲ့သော သီချင်းတစ်ပုဒ်ကို ၀ိုင်းဝန်းသီဆိုခဲ့ကြသည်။ ထို့နောက် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားသို့ တက်ရောက်ဖူးမြော်ခဲ့ကြကာ ပဲခူးမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ကိုမင်းကိုနိုင်ဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့မှ ရန်ကုန် ရေဝေးသုဿန်သို့ တိုက်ရိုက်သွားရောက်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်သည့် ကဗျာဆရာ ငြိမ်းလူ(ခ)သက်နွယ်၏ ဈာပနသို့ လိုက်လံပို့ဆောင်ကြမည်ဖြစ်သည်။

0 comments:

Post a Comment