Friday, February 3

ကော်မရှင်မှခွင့်ပြုချက်မရရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးခရီးစဉ်ဖျက်သိမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
မန္တလေးတိုင်းဒေသကြီး လူထုစည်းရုံးရေးခရီးစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
ဦးမျိုးလွင်က အတည်ပြုပြောကြားသည်။

အဆိုပါခရီးစဉ်ဖျက်သိမ်းရခြင်းအကြောင်းအရင်းမှာ မန္တလေးမြို့ရှိ
ဗထူးအားကစားပြိုင်ကွင်းနှင့် မန္တလေးတောင်ခြေရှိ
မြင်းပြိုင်ကွင်းတို့တွင်ပြုလုပ်ရန် ကော်မရှင်မှ ခွင့်ပြုချက်
မရသောကြောင့်ဖြစ်သည်။

“ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗထူးကွင်းကို ငှားခိုင်းပါတယ်။
ဗထူးကွင်းမှာ လုပ်ခွင့်မရတော့ မြင်းပြိုင်ကွင်းမှာ ထပ်ကြိုးစားကြည့်တယ်။
အဲဒီမှာလဲမရဘူး နောက်ဆုံးရှမ်းတိုင်းရင်းသားအသင်းကိုတော့ ကော်မရှင်က
ခွင့်ပြုချက်ပေးတယ်။ ကျွန်တော်တို့အဓိကထားတဲ့ ဗထူးကွင်းနဲ့
မြင်းပြိုင်ကွင်း နှစ်ခုကို ချမပေးလို့ လက်မခံတဲ့အနေနဲ့
ဒီခရီးစဉ်ကိုဖျက်သိမ်းတာဖြစ်နိုင်တယ် ” ဟု ဦးမျိုးလွင်ကပြောသည်။
မန္တလေးတိုင်းဒေသကြီးလူထု စည်းရုံးရေးခရီးစဉ်ဖျက်သိမ်းခြင်းမှာ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
အတည်ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်တွင် လူထု၏အားပေးကြိုဆိုမှုများကြောင့်
မန္တလေးမြို့သူမြို့သား များမှာလဲ ယခုမန္တလေးခရီးစဉ်တွင်
ကိုယ်ပိုင်အစီအစဉ်များဖြင့် ကြိုဆိုရန်ပြင်ဆင်နေကြချိန်တွင် ခရီးစဉ်ဖျက်သိမ်းကြောင်းသတင်းထွက်လာခဲ့ခြင်းဖြစ်သည်။
 “ကျွန်တော်တို့ဆိုကားတွေတောင်စီစဉ်ထားတယ်၊ဗီနိုင်းတွေလဲရိုက်ထားတာ ။ညနေရေဒီယိုကနေ သတင်း ကြေငြာသွားတော့ယုံတောင်မယုံဘူး ၊စိတ်လည်းမကောင်းဘူး ” ဟုမဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြော သည်။
 မင်းမင်းလတ်(ရွှေမြစ်မခ)

0 comments:

Post a Comment