Sunday, March 11

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဘက်မလိုက်ဘူးလို့ ဆို

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲအတွက် ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီးအနေဖြင့် မိမိတို့ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာနှင့် အညီဘက်မလိုက်ဘဲ မျှမျှတတ ပါဝင်ပူးပေါင်းကြီးကြပ် ဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၈ ရက်နေ့ တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ၀န်ကြီးဌာနများ၊ အဖွဲ့ အစည်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လစ်လပ်လျက်ရှိသော လွှတ်တော်မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၅၉ မြို့နယ်တွင် တစ်ပြိုင်တည်း ကျင်းပ မည်ဖြစ်သည်။
“မိမိတို့နိုင်ငံသည် မြန်မာ့ဒီမိုကရေစီ ခေတ်သစ်ကို ပြည်သူများ အားလုံး တက်ညီလက်ညီ လျှောက်လှမ်းနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်သည့်နေရာတွင် ဘက်မလိုက်ရန်၊ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်၊ သတ်မှတ်ပြဋ္ဌာန်း ထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျလိုက်နာရန် ဆိုသည့် အချက်များသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် သာမက သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာ နများကပါ လေးစားလိုက်နာ ကျင့်သုံးရမည့် အချက်များပင် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်ခံရ ရေး မဟုတ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ ကြီးကြပ်ကျင်းပပေးရေးပင် ဖြစ်ပါကြောင်း”တို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကြီးကြပ် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ကြိုတင်မဲနှင့် ပတ်သက်၍ ဥပဒေအရ ခွင့်ပြုထားသော ပုဂ္ဂိုလ်များကိုသာ ကြိုတင်မဲပေးခွင့်ပြုမည် ဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များ အားလုံး မဲရုံများ၌သာ မဲပေးရမည် ဖြစ်ကြောင်း၊ မဲစာရင်းများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မူလမဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယခင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲစာရင်း တစ်မျက်နှာ လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ကူးယူခွင့်ပြုခဲ့ရာမှ ယခုအခါ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကို သူနှင့် သက်ဆိုင်သော မဲဆန္ဒနယ်၏ မဲစာရင်းတစ်စုံကို အခမဲ့ကူးယူခွင့်ပြုထား ပါကြောင်း၊ ကိုယ်စားလှယ်များ လက်ဝယ်တွင် မဲစာရင်းရှိနေပြီဖြစ်၍ ဥပဒေနှင့်အညီ စစ်ဆေးကြမည်လည်း ဖြစ်ပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီးယူအဖွဲ့ဝင် နိုင်ငံများက မြန်မာနိုင်ငံသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကို  လွတ်လပ်၍ တရားမျှတစွာ ကျင်းပပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၇  ပါတီ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
EMG

0 comments:

Post a Comment