Tuesday, January 10

ရန်ကုန် ဓါတ်ပုံပွဲတော် ဒေါ်စု ဆုချီးမြှင့်ပေးမည်

 လေးကြိမ်မြောက် ‘ရန်ကုန်ဓါတ်ပုံပွဲတော်’ Yangon Photo Festival တွင် ဆုရရှိသည့် ဓါတ်ပုံပညာရှင်များအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း စီစဉ်သည့် French Institute of Myanmar က ဆိုသည်။

နှစ်စဉ် ကျင်းပနေကျ ဖြစ်သည့် Yangon Photo Festival ကို ဇန်နဝါရီ ၂၈ ရက်ညတွင် ‘ရန်ကုန်ဓါတ်ပုံ ဆည်းဆာ’ Yangon Photo Night ကျင်းပပြီး အကဲဖြတ်ဒိုင်များ ရွေးချယ်ပေးမည့် စုစုပေါင်း ဒေါ်လာ ၅ ထောင်ဖိုး ဆု ၇ ဆု ချီးမြှင့်မည် ဖြစ်သည်။
ygnphotofestival
အခမဲ့ တက်ရောက်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲများလည်း စီစဉ်ပေးထားရာ ဝါသနာရှင် အဆင့်များအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ မှ ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ဓါတ်ပုံဆရာ ကြီးမြင့် က ၎င်း၏ အတွေ့အကြုံနှင့် ပညာဝေငှပေးမည် ဖြစ်သည်။
ပညာရှင်အဆင့် ဓါတ်ပုံသီဖွဲ့မှု photo-essay အလုပ်ရုံ ဆွေးနွေးပွဲကိုမူ ဇန်နဝါရီ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ
ပြုလုပ်မည်ဖြစ်ကာ အကောင်းဆုံး လက်ရာများအား ရန်ကုန် ဓါတ်ပုံဆည်းဆာတွင် ပြသထားမည် ဖြစ်သည်။

၂၀၀၉ ခုမှ စတင်ခဲ့သည့် Yangon Photo Festival မှာ ကမ္ဘာတဝှန်း ဓါတ်ပုံလက်ရာမွန်များအား မြန်မာနိုင်ငံတွင် ခင်းကျင်းပြသပြီး မြန်မာဓါတ်ပုံဆရာ လူငယ်များအား မွေးထုတ်ပေးရန် ရည်ရွယ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများအား စူးနစ်စွာ တင်ပြကြမည် ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် စိတ်ဝင်စားသူ မည်သူမဆို ရန်ကုန်မြို့ ပြည်လမ်းရှိ French Institute သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ကိုပေါက် နယူးဒေလီ (မဇ္ဈိမ) 

0 comments:

Post a Comment