Tuesday, January 10

သမ္မတကြီးထံသို့ ဂီတမှုးတယောက်ရဲ့ သမီး အိတ်ဖွင့် ပေးစာ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့အိတ်ဖွင့်ပေးစာ

           သမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူး
ဦးဝင်းမော်ပါ ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ် ။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ
၁၉၉၆ ထိ   ၇   နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ် ။ ၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့
နိုဝင်ဘာ ၁၈ ရက် ၊ သမီးအသက် ၂  နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံခဲ့ရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်း
ထောင်ထဲမှာ ၆ နှစ်နေခဲ့ရပါတယ် ။၂၀၀၂ ခုနှစ်မှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေ
နဲ့ သမီးတို့ မိသားစု ၅  နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး  ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်
ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစုထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ် ။ ဒီတစ်ခါတော့ န အ ဖ  စစ်အစိုးရက
ဖေဖေ့ကို ထောင်ဒဏ်  ၁၇  နှစ် ချလိုက်ပါတယ် ၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်း
လမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ဆိုပါတယ်။ ဖေဖေ ဟာ ရတနာ ၃ ပါးကို
အရမ်း ရိုသေလေးစားသူဖြစ်ပါတယ် ။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်းထိန်း
သိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်းတည်တံ့ခိုင်မြဲနေ
တာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ်ဆိုတာပါဘဲ ။ ၂၀၀၇ မှာ သံဃာတော်တွေဟာ
 ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်
ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video  ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်
ကျခဲ့ရပါတယ် ။ အဲဒီတုန်းက ဖေဖေ ပြောတာက  တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့ ။
                 ၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အတည်ပြုပြီးတော့ ဖေဖေဟာ သူ့
သူငယ်ချင်းတွေနဲ့အတူတူ အားလုံးအိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ် ။ သမီးဖေဖေ ရဲ့
သူငယ်ချင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း  မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြ
တယ်တဲ့ ။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက  သူတို့လက်မခံနိုင်တဲ့  ဥပဒေ အချို့ကို
လွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်
ရွေးချယ်ဖို့ ၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူလက်တွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ဆောင်ရွက်ကြဖို့ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဘူးတယ် ။  သက်ဆိုင်ရာ အာဏာပိုင်တွေ
တွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘာတစ်ခုမှ
တုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသ
ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့
ဖေဖေ တို့လွတ်မြောက်တော့မယ်လို့ သမီးတို့မျှော်လင့်ခဲ့ကြပါတယ် ။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်း
ချမ်းသာခွင့် ၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး ။
သမီးဖေဖေ ရဲ့  ဖခင် သမီးဖိုးဖိုးဟာ အသက်  ၈၉ နှစ်ရှိပါပြီ ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်
မျှော်နေဆဲပါ ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူအကျဉ်းထောင်မှာထောင်ဝင်စာသွားတွေ့
နေတုန်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်တာနဲ့ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င်
ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှပါမလာကြပြန်ပါဘူး ။ ဖေဖေက ဘာပြောလဲဆိုတော့ သူ့ကျွန်ဘဝ
မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံလွတ်မြောက်ရေးအတွက် သူတို့ ကိုဆန့်ကျင်တဲ့
သခင်နုတို့ ၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းရင်တောင်  ၆  လ ဘဲထောင်ချခဲ့လို့
သခင်ပေါက်စ ထောင်ခြောက်လ လို့တောင်ပြောစမှတ် ရှိခဲ့တယ်တဲ့ ၊ အခု ကိုယ့်လူမျိုး ဘာသာတူ
တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရလက်ထက်မှာမှ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်
ကြသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲကြသူတွေကို သေဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းတွေ ၊ နှစ်ရှည်
ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ်တဲ့ ။ အခြေခံ
ဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့ ၊ ဥပဒေကို စစ်တပ်ကလွှမ်းမိုးထားလို့ ၊ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာ
တော့ ဖေဖေ တို့အားလုံးပြန်လွတ်မှာပါလို့ သမီးတို့လိုဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ ။ဖေဖေက
ဂီတသမားဆိုတော့  ဂီတပညာနဲ့ ပတ်သတ်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ် ။ ဂီတမှာ Timing ဟာ
အသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော ။  ထို့အတူဘဲ
ဟင်းချက်ရာမှာဘဲဖြစ်ဖြစ် ၊ အားကစား လုပ်ရာမှာဘဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ် ။  သီချင်းတစ်ပုဒ် ၊
ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ ၊ နိုင်ငံရေးမှာ Timing
လွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ် ။ တစ်မျိုးသားလုံးဂုဏ်ထိခိုက်နစ်နာစေတယ် ။ နိုင်ငံရေး
မှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ခြင်းပါဘဲ ။ ဖေဖေ တို့ကို လွှတ်
မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်းမဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်
ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ၊ဖေဖေ
တို့အပေါ် သမ္မတကြီးက အာဃာတ တရားကြီးမားနေတာကိုဘဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ပြော
ပါတယ် ၊ ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ် ၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ် ၊
တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ် ၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီး
တို့မောင်နှမတွေလေးစားဂုဏ်ယူနေမှာပါ ၊ ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသား
ဘဲဆိုဆို၊ လုံခြုံရေးအကျဉ်းသားဘဲပြောပြော ၊ နိုင်ငံရေးအကျဉ်းသားဘဲ ခေါ်ခေါ် ၊ သီးသန့်အကျဉ်းသားဘဲ
မှတ်မှတ် ၊ အဲဒီအမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး ။ သူတို့တွေဘာအတွက် ဘယ်သူ့အတွက်
အသက်တွေဘ၀တွေကိုပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲဆိုတဲ့အချက်က အရေးကြီးတယ်လို့သမီး
ထင်ပါတယ် ။ သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်
ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့အမုန်းတရားတွေအောက်မှာ တရားလက်လွတ်ဖိနှိပ်ခံနေရတာပါ ။
ဖေဖေနဲ့ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ် ၊ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုဘဲ သမီးတို့မျိုးဆက်သစ်လေး
တွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ် ။ အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်
ရပ်တွေ အမှန်တကယ်ဖြစ်ခဲ့တာပါ ။ ဂစ်တာလေးတီးသီချင်းဆိုရုံ ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ ၊ မေတ္တာပို့
ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်
မှာ သမီးတို့ တစ်နိုင်ငံဘဲ ရှိတယ်လို့ထင်ပါတယ် ။ သမိုင်းဟာ ဖေဖေ တို့အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်
မှာမဟုတ်ပါဘူး ။
                 သမ္မတကြီးနဲ့တကွတိုင်းပြည်တာဝန်ဦးဆောင်ဦးရွက်ပြုနေသူအားလုံး ၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်း
တဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း ၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့
သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ် ။

ဖေဖေအပါအ၀င် တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို
ကြိုဆိုမျှော်လင့်လျှက် . . . . .

                       သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
                                                                              ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
                                                                                                  ခင်စုကြည်
                                                                         ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
                                                                                 ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ - ၈ ရက်။











0 comments:

Post a Comment