Tuesday, March 20

စစ်ကျန်ဗုံးဟောင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေ

မန္တလေး မတ် ၁၉

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ သခင်ဖိုးလကြီးလမ်းနှင့် ယောမင်းကြီး လမ်းထောင့် စက်မှုဇုန် (၁) (ဇ) ရပ်ကွက်အတွင်းရှိ နိုင်စိုးပိုင် သံရည်ကျိုစက်ရုံတွင် ယနေ့နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူသုံးဦး သေဆုံးခဲ့ကြောင်း ပြည်ကြီးတံခွန် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ သံရည်ကျိုလုပ်ငန်း ရပ်နားထားစဉ် ယနေ့နံနက် ၁၁ နာရီခန့်တွင် သံရည်ကျိုရန် အတွက် စစ်ကျန် ဗုံးသီးဟောင်းများထဲမှ တစ်လုံးကို ထုရိုက်ကြရာမှ ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာ စက်ရုံလုပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အစီရင်ခံစာအရ သိရသည်။

အခင်းဖြစ်နေရာတွင် အမြောက် ကျည်ဆန်ဟောင်း ၈ ခု တွေ့ရှိရပြီး အဆိုပါ ၈ ခုတွင် ယမ်းပါသည့် ကျည်ဆန်ဟောင်း ၂ ခုနှင့် ယမ်းမပါ (၆) ခု ဖြစ်သည်။ ၎င်းအပြင် ဒလက်မပါသည့် စစ်ကျန် ဗုံးသီးဟောင်း ၁၀ လုံး၊ ဒလက်ပါ ဗုံးသီးဟောင်း ၇ လုံး တွေ့ရှိရကြောင်း အစီရင်ခံစာများအရ သိရသည်။ ၎င်းအပြင် သံရည်ကျိုရာတွင် အသုံးပြုသည့် သံထည်ဟောင်း ပစ္စည်းများ ထည့်ထားသော ပီနံအိတ် ၁၀ အိတ် အတွင်းမှ စစ်လေယာဉ်ပေါ်မှ ပစ်ချနိုင်သည့် ဗုံးသီးဟောင်း ထိပ်ဖူး ၁ ခုကိုလည်း တွေ့ရှိရသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၁၀ နာရီ ဝန်းကျင်လောက်က ပေါက်ကွဲသံတစ်ခု ကြားလိုက်တယ်၊ ကားသမားစကားနဲ့ ပြောရင် ကားဘီးနှစ်ဘီး ပေါက်တဲ့အသံနဲ့ တူတယ်၊ မြေကြီးတုန်ခါမှု ကိုလည်း ခံစားရတယ်၊ ကြည့်လိုက်တဲ့ အခါကျတော့ ဖုန်တွေထနေတာ မြင်ရတယ်၊ အဲဒါနဲ့ သွားကြည့်တော့ ဒဏ်ရာရနေသူ တစ်ဦးက ကယ်ပါ ကယ်ပါ လို့ ပြောတာ တွေ့ရတယ်၊ ဒါနဲ့ ကားထွက်တားပြီး ပွေ့တင် ပေးလိုက်တယ်၊ သူ့အခြေအနေ ကတော့ မေးရင် ပြောနိုင်တဲ့ အနေအထား ရှိသေးတယ်” ဟု အခင်းဖြစ်နေရာ မျက်နှာချင်းဆိုင် ဝင်းအတွင်းရှိ ကားဆရာ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သံရည်ကျိုစက်ရုံလုပ်သား ကိုမိုး အသက် (၁၉) နှစ်၊ ကိုစိုးမင်းသူ အသက် (၁၈) နှစ် တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကိုချစ်ကောင်း အသက် (၁၆) နှစ်မှာ ဗိုက်ပွင့်ဒဏ်ရာဖြင့် မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့သော်လည်း ညနေ ၃ နာရီခန့်တွင် သေဆုံးသွားကြောင်း အခင်းပွားရာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူများမှာ ငါန်းဇွန် မြို့နယ်နှင့် မြင်းခြံမြို့နယ်မှာ လာရောက် အလုပ်လုပ်ကိုင် ကြသူများ ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကို ပြည်ကြီးတံခွန် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
 
Photo by MT News
 
The Voice Weekly

0 comments:

Post a Comment