Friday, May 11

နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်

Photo Credit : http://www.president-office.gov.mm/
နေပြည်တော်၊ မေ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး ဌာန၏ တရားဝင် Website ဖြစ်သော http://www.president-office.gov.mm/ကို မေလ ၁၁ရက်နေ့ (ယနေ့) မှစ၍ စမ်းသပ် ကာလ အဖြစ်သတ်မှတ်၍ စတင် ခဲ့ရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတကြီး ဦးဆောင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး ဓာတ်ပုံနှင့် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက် အချို့ ကို ကောက်နုတ် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ် ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။

သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌ သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။

သတင်းများ အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊ သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ ပါရှိကြောင်း သိရသည်။
The Voice Weekly

0 comments:

Post a Comment