Sunday, January 15

ကူးတို့ဆိပ် ရပ်ကွက် မီးလောင်မှု အကြောင်း ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားမှာ သေဆုံးသွားတဲ့ မီးသတ်သမား တစ်ယောက် အဖြစ် သရုပ်ဆောင်မယ့် မိုးယံဇွန်

ဒီဇင်ဘာ ၃ဝရက်နေ့ မနက်က ပေါက်ကွဲခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက် သိုလှောင်ရုံ မီးလောင် ပေါက်ကွဲခဲ့တဲ့ အကြောင်း ကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားမှာ မိုးယံဇွန်က သေဆုံးသွားတဲ့ မီးသတ် ရဲဘော် (၅)ဦးထဲက တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။
”အခု လတ်တလောမှာ ဖြစ်သွားတဲ့ ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှုကို မီးသတ်က ပြန်လည်ရိုက်မယ့် ဇာတ်ကားထဲမှာ ကျွန်တော်ပါတယ်။ သေသွားတဲ့ (၅)ယောက် နေရာမှာ တစ်ယောက် အဖြစ် သရုပ်ဆောင် ရမှာပါ။ ကျန်တဲ့လေးယောက် နေရာမှာတော့ ဘယ်သူ တွေပါမလဲ မသိသေးဘူး။ ဒီလ(ဇန်နဝါရီ) ၁၅ရက်နေ့ ပြင်ဦးလွင်မှာ အရင် သွားရိုက်မယ်။ ပြီးရင် ရန်ကုန်မှာ ပြန် ရိုက်မယ်။ ပြင်ဦးလွင်မြို့မှာ သွားရိုက်မှာက ကျွန်တော်တို့ သင်တန်းသွားတက်တဲ့ အခန်းတွေကို သွားရိုက်မှာပါ” လို့ ပြောပါတယ်။ အရင် မီးသတ်တပ်ဖွဲ့ ဂုဏ်ပြု ဇာတ်ကား တုန်းကလည်း သူပါဝင် ရိုက်ကူးထားပြီး၊ ဒီနှစ်မှာလည်း ရန်ကုန်မြို့ရဲ့ အကြီးဆုံး မီးလောင်ပေါက်ကွဲမှုမှာ အသက်စွန့်ကြိုးစားသွားခဲ့တဲ့ မီးသတ် ရဲဘော်တစ်ဦးရဲ့ နေရာမှာ ပါဝင်သရုပ်ဆောင် ရမှာဖြစ်တဲ့ အတွက် အတိုင်းမသိ ဝမ်းသာနေ မိကြောင်း ကိုလည်း ပြောပါတယ်။
”ကျွန်တော် အတိုင်းမသိ  ဝမ်းသာနေရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီဇာတ်ကားမှာ သရုပ်ဆောင် နေတယ်ဆိုတာ ကံစပ်လို့ ဂုဏ်လည်းယူမိတယ်။ ပြီးတော့ စိတ်ထဲ မကောင်းတာ ရှိတယ်။ သူတို့ တွေရဲ့ အသက်တွေကို စွန့်လွှတ်သွားတယ်။ စွန့်လွှတ်သွားတဲ့ အသက်တွေကို ကျွန်တော်တို့က အတုပြန်လည်ပြီး သရုပ်ဆောင်ပေး ရမယ်။ အဲဒီ အတွက် တာဝန်လည်း တအားကြီးတယ်။ ကျွန်တော် အရည်ချင်း ရှိသလောက် အကောင်း ဆုံးဖြစ်အောင် လုပ်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ မီးသတ် ရဲဘော်တွေရဲ့  မိသားစုဝင်တွေနဲ့လည်း ဇာတ်ကား ကန်တော့ ပွဲပေးတဲ့နေ့မှာပဲ တွေ့ဆုံသွားဖို့ ရှိပြီး၊ အသေး စိတ်အနေနဲ့ အကုန် လုံး မေးမြန်းပြီး လှုပ်ရှား ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည် အခြေတည်ပြီး ရိုက်ကူးမယ့် မီးသတ်တပ်ဖွဲ့ အတွက် ဂုဏ်ပြု ဇာတ်ကား ကို ဒါရိုက်တာ တုနှိုင်းခ (မြဝတီ) က ရိုက်ကူး ပုံဖော်ပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
ထက်လူလူ

0 comments:

Post a Comment