ဗိုလ်ချုပ်အောင်ဆန်း
ကဗျာများ
၁၉၆၄၊ အာဇာနည်နေ့
မြန်မာနိုင်ငံ တော်လှန်းရေးအစိုးရ၊ ယဉ်ကျေးမှုဌာန၊
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည်။
မာတိကာ
၁။ အာဇာနည်ဗိမာန်...... .......သခင်ကိုယ်တော်မှိုင်း.... ....၁
၂။ အာဇာနည်(သံချို)..... .......ဟံသာဝတီ ဦဘရင်.... .....၇
၃။ ချစ်တဲ့သူငယ်လေ..... ........ဇေယျ ........ .......၁၁
၎။ ကျေးဇူးဆပ်လော့...... ........ ရန်အောင်...... ......၁၅
၅။ ပြောလိုက်ပါဘိ ဟောပါဘိ...... ........ ဇော်ဂျီ........... .......၁၈
၆။ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့်ပစ္စုပ္ပန်)......မင်းသုဝဏ်... .......၂၁
၇။ ဇာနည်ဖွား...... .........နုယဉ်......... .......၂၂
ဂ။ ၁၉ ဇူလိုင်........ .........ထွဏ်းနေနွယ်.. .......၂၄
၉။ ဥယျာဉ်မှူးငဲ့..... .........မင်းယုဝေ....... ........၂၇
၁၀။ကျေးဇူးဆပ်ချိန် ... .........ဘုတလင်ချစ်လေး...... .....၂၈
၁
အာဇာနည်ဗိမာန်
သြော်....အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့် နှော
အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့
အောင်ပန်း ညို့ရရှာတဲ့ တောင်တန်း တို့ဗမာမှာ
အဟောင်း သံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မ***ယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန်း မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။ ။
၂
သြော်....တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့ တောင်ဇမ္မူပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္မူရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊
လူကြမ်း ဓပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊
ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊
သားရင်း ရှင်တရုပ်ကယ်က၊
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊
တထုံး နောက်တနဲမှာတော့၊
မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊
ပြည်မင်းဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွှေပြည်တခွင်မတော့၊
၃
ဓမ္မစေတီဘုရင် လက်ထက်တုန်းက၊
လက်ရုံးရည် တသိန်းလျှမ်းပေတဲ့၊
သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ် အကောင် တေလေတစ္ဆေကိုက်တာနဲ့၊
သြော်....ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော့၊
မရေမရာ သေရွာဆိုက်သလိုပါ့၊
အခိုက် အခါတူလို့မို့၊
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္မူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့မဟဲ့လို့၊
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သူပုန်ထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့စိတ်ထင်။
မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်းရှင်းပါလို့၊
၎
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊
တကောင်း ရာဇဝင်ကိုတဲ့ ဆက်ချင်သကော။
နန်းမြို့တည်ရန်၊
မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထိုလူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
သြော်.....အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာပြည်ပေါ်ကို ဓမ္ပစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့ အလုပ်ပေပေါ့၊
သုဿန် တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည် ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
၅
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖေါင်နန်းကူးတို့နှင့် အကြေဒကုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
သြော်....တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။
သခင်ကိုယ်တော်မှိုင်း။
၇
အာဇာနည်(သံချို)
(၁)သောင်းဇမ္ဗူလက်ျာခ၊
ဌာနတပ္ဗဒီဟု၊
မြန်ပြည်တွင်တဂုဏ်မျှို့ တွေကြောင့်၊
ဂရို့ သင်္ချာဝင်တဲ့၊
မင်္ဂလာ ယင်းရွှေချောင်းငယ်က၊
မြောက်စောင်းနှင့်ရှေ့ပြုပ္ပါ၊
ဝန်းမြှောင်ကာ တဖုံထူးတာက၊
ပဲခူးခေါ် ရိုးမကြီးမှာတော့၊
ကာဆီးကာ ပြိုင်တုကျွန်းတာကြောင့်၊
လူစွမ်းဂုဏ်ရည်ချွန်တို့၊
ဇာနည်မွန်ဖွါးရာမြောက်ပါတဲ့၊
မြို့ နတ်မောက်မည်နာမာ၊
ရှည်ကမ္ဘာတွင်သမိုင်းမှာ၊ နှိုင်းတုမရာ။
(၂)နာယက ဆဋ္ဌဂုဏ်အင်နှင့်၊
သူတော်စင်ခုနစ်ပါး တရားဆင်ခြင်တဲ့၊
မျိုးနွယ်ဝင် ထိုကဖွါးလာရ၊
ယောက်ျား အာဇာနည်ဟု၊
ဘာမထေရ် ရန်ခလုတ်ကိုတော့၊
ကျူငုတ်ပါ မကျန်ရှင်းနိုင်တဲ့၊
ခပင်းမောင်ရွှေကန်နှင့်၊
ဂလိပ်မှန် ကိုရွှေအင်းငယ့်ပြင်၊
၈
မြင်ပြင်းဘွယ် တကယ်ညစ်ပါတဲ့၊
ဖက်ဆစ် ရွှေဂျပန်တို့၊
မကျန်နှီ ရန်စည်ပြုန်းရန်ဘို့၊
စံမမှီ နန္ဒီထုံးငယ်ပြင်၊
နှလုံးရည် မဟော်သွင်သို့၊
မြော်အမြင် ကွက်ကျော်ရှုနိုင်တဲ့၊
မမှုရန်ဟူက၊
နလံထူ ပြန်မူ၍ မကျူးရအောင်၊
မီးရှုးမာတာမြင်လို့၊
ငယ်မည်တွင် မောင်ထိန်လင်းငယ်က၊
မယွင်းတန်ဆောင်လျှမ်းစေဘို့၊
အောင်ဆန်း အမည်ပြောင်းခဲ့၊
ဗိုလ်မင်းရောင် သူ့ အဖိုးလိုပ၊
အမျိုးဂုဏ် ကမ္ဘာထွန်းစေမည့် မော်ကွန်းစာ။
(၃)တစ်သုံးသုဉ်ခုနှစ်(၁၃၀၇)စွန်း၊
ပေါ်ထွန်းကောဇော၌၊
ပြောစရာ မောင်ငပုငယ်တို့၊
လူမှုဆန့်ကျင်လို့၊
မျိုးပုံယင်မြန်မာနှင့်၊
ဘာသာ သာသနာက၊
အဖြာဖြာ နိုင်ထက်စီးပါလို့၊
အပြီးတိုင်လုယက်ကျန်း၊
ညှဉ်းပန်းကလူပြုတာကြောင့်၊
၉
မရှုရက်နိုင် သည်အရေးငယ်နှင့်၊
ဝန်လေး လွန်အခါက၊
နှစ်တရာ ကျွန်ဘဝကိုဖြင့်၊
သည်တခါ ရည်တာရစေဟု၊
အဓိဋ္ဌာန် စိတ်ကြံဆသည့်ပြင်၊
ကာယကိုယ်တိုင်ပ၊
လက်နက်ကိုင် ရဲဘော်များငယ်နှင့်၊
ဝင့်ကြွားဗလောင်ဆန်တဲ့၊
မောင်ဂျပန် ဖက်ဆစ်ပေါင်းကိုလှ၊
ထောင်းထောင်းဆော်နှံတဲ့၊
မဟော်ဥာဏ် ဗိုလ်အောင်ဆန်းကိုဖြင့်၊
တခန်းကြည်ညိုလို့၊
သူ့နည်းကို တကယ်လိုက်ပါမှ၊
သိုက်မြိုက်မည့် တိုဗမာ၊
ရှည်ကြာလို့ဂုဏ်မွှေး။
(၄)တကယ်ပင်၊
မျိုးဂုဏ်ကိုဆယ်တင်လို့၊
တို့ပြည်ခွင် လွတ်လပ်ရေးကိုလှ၊
မနှေးရည်ရာသို့၊
ကြည်သာစွာ အမြန်ရစေဘို့၊
ပြည်မ ပြည်နယ်နှင့်၊
ပင်လုံဝယ် လက်ကိုလှမ်းသည့်ပြင်၊
တခန်းသခင် ဖြစ်စေဟု၊
၁၀
ရည်လစ်ခါ ကိုယ်တိုင်ကြိုးတာကြောင့်၊
အမျိုး ဂုဏ်ရောင်လျှပ်ပါလို့၊
လွတ်လပ်မြန်ပြည်ဟု၊
အရှည်ပင် ကမ္ဘာပေါ်၌၊
နှံ့ကျော်အောင် တလှိုင်လှိုင်ပ၊
တကြိုင်ကြိုင် ရနံ့မွှေးခဲ့ရ၊
အရေးရှင် ဗိုလ်အောင်ဆန်းမှာဖြင့်၊
လူသွမ်းမသမာကောင်တို့၊
တဏှာမှောင် မိုက်မလင်းတာကြောင့်၊
မြင်ပြင်းဣဿာဖြင့်၊
အဘိဇ္ဇာ စိတ်မှာစောကာပ၊
မနိပ်စွာ မိစ္ဆာသဘောငယ်ကြောင့်၊
အတောဘယ်မသတ်နိုင်လို့၊
ဇီဝိန်ကို ရည်ချိန်လို့ဖြတ်လေပါ့၊
လူ့ရပ်တွင် ဘယ်မပြုနိုင်တဲ့၊
ဂရုကံ ဧရာမ ဟာမို့၊
ရှုကာကြံ အခြေမသမာလှတာမို့၊
အရိုင်းကောင်တွေကို နှိုင်းဆောင်လို့ မပြနိုင်ဘူး၊
(သခင်မှိုင်းရေ) တွေးဆလို့ဆွေး။
ဟံသာဝတီ ဦးဘရင်။
၁၁
ချစ်တဲ့သူငယ်လေ
ချစ်တဲ့သူငယ်လေ၊ လုပ်သားလူကောင်း၊ ပေါင်းသဟာတို့လေ။ ။တထောင်ငယ်မှ ကိုးရာ၊ လေးဆယ်ငယ်သာသည်၊ စွန်းပါခုနစ်၊ သက္ကရာဇ်တွင်၊ ပြည်ချစ်ဇာနည်၊ မိစ္ဆာလူပျက်၊ သူ့လက်ချက်ကြောင့်၊ အသက်စွန့်ခွါ၊ မြန်းကြရှာသည်၊ ပြည်သူလုပ်သား၊ သံဝေပွါး၍၊ မှတ်သားကြလေ၊ တို့တတွေ။
၁၂
အောင်ကြောင်းတဲ့ အောင်စေ။ ။သူတို့ကျေးဇူး၊ မထိမ်မြူးဘဲ၊ အထူးဆပ်ရန်၊ တာဝန်တို့မှာ၊ ကြီးလှစွာလေ၊ တင်ခဲ့ပေသည်၊ တွေဝေမဲ့ကင်း၊ တို့ခပင်းမူ၊ အယူပြောက်ကျား၊ မလွဲမှားဘဲ၊ တသားတည်းပြု၊ ပြည်ထောင်စုကို၊ ယုယစိတ်သန်၊ တို့အားအန်ဖြင့်၊ လမ်းမှန်ရောက်စေ၊ မသွေ ရှေ့သို့၊ ညီတူလက်တွဲ၊ ဇာနည်ဇွဲဖြင့်၊ နွှဲကြစို့လေ၊ ပြည်သူအပေါင်း လုပ်သားကောင်းတို့လေ။
ချစ်တဲ့သူငယ်လေ၊ လုပ်သားလူကောင်း၊ ပေါင်းသဟာတို့လေ။ ။တို့လွတ်လပ်ရေး၊ အသက်သွေးကို၊ ပိုက်ထွေးရင်ခွင်၊ မြူမတင်ကြောင်း၊ ဖြူစင်ပြန့်ပြူး၊ ရွှေနှယ်ဦးလို့၊ မြူးကြရမယ်။
မိစ္ဆာဥာဏ်သွား၊ စိတ်ပြောက်ကျား၊ တို့ကား ပစ်ပယ်ဖျောက်ရမယ်။
ရှေ့သို့လှမ်းချီ၊ မြေမညီလျှင်၊ ညီအောင်ညှိ၍ တက်ရမယ်။
ခလုတ်ကန်သင်း၊ ကန့်လန့်ခင်း၊ အကြွင်းမရှိပယ်ရမယ်။
အမြတ်ကြီးစား၊ လူတလွှား၊ စိတ်ထားပြောင်းအောင် ပြင်ရမယ်။
တို့လယ် တို့ယာ၊ တို့ဝမ်းစာ၊ ညီညာအားတိုက် စိုက်ရမယ်။
တို့စက်တို့ရုံ၊ လုပ်အားပုံ၊ လက်စုံတွဲ၍ လုပ်ရမယ်။
ပြည်သူ့စီးပွါး၊ ပြည်သူစား၊ ပြည်သားအပိုင် ဖြစ်ရမယ်။
တိုင်းပြည်စီးပွါး၊ တို့ခွန်အား၊ တို့ကားတည်ဆောက် မြဲရမယ်။
၁၃
စိတ်ကိုသို့ပြင်၊ အမှန်မြင်၊ လိုအင်လမ်းကြောင်း၊ တိမ်းမစောင်း၊ အပေါင်းပြည်သူ၊ စိတ်တူသံပြိုင်၊ သီချင်းအိုင်နှင့်၊ မြိုင်မြိုင်ရှေ့သို့၊ လှမ်းကြစို့လေ၊ ပြည်သူအပေါင်း၊ လုပ်သားကောင်းတို့လေ။
ဇေယျ။
၁၅
ကျေးဇူးဆပ်လော့
မြန်တိုင်းနဂရာ၊ သမိုင်းမှာလျှင်၊
ဘယ်ခါကမျှ၊ မပေါ်ရသည့်၊
ဆိုးစွကျွန်တွင်း၊ သက်ဆင်းမွန်းနစ်၊
နှစ်ပေါင်းတရာ၊ ကာလတာဝယ်၊
မြန်မာတိုင်းဖွါး၊ လူနင်းပြားတို့၊
ရှည်လျားကာလ၊ လွတ်လပ်ရအောင်၊
ကြိုးပမ်းဆောင်စဉ်၊ ရောင်ဝါထိန်လင်း၊
နေမင်းပေါ်လာ၊ ကဲ့ပမာသို့၊
အာဇာနည်စစ်၊ ပြည်ချစ်ခေါင်းဆောင်၊
မြတ်အခေါင်သည်၊ ရှေ့ဆောင်ပြုကာ၊
မြန်မာပြည်ထောင်စု၊ လွတ်လပ်မှုကို၊
အားစု အင်စိုက်၊ တိုက်ခိုက်တော်လှန်၊
နယ်ချဲ့ရန်မှ၊ ဝေးလံလွတ်ကင်း၊
အမှောင်တွင်းမှ၊ ရှင်းရှင်းထွက်ရ၊
လွတ်လပ်ကြ၏၊ ကြီးစွကျေးဇူး၊
ဂုဏ်အထူးကို၊ ချီးကျူးမကုန်၊
မြေဝသုန်နှင့်၊ နှိုင်းတုံမြင့်မိုရ်၊
မကပိုသည်၊ ဗိုလ်ချုပ်ဖခင် အောင်ဆန်းတည်း။
စံနှိုင်းစရာ၊ မရှိပါဟု၊
ကမ္ဘာလုံးက၊ အံ့သြရသည့်၊
ဒို့ဖ ဗိုလ်ချုပ်၊ သူ့သရုပ်ကို၊
ဖေါ်ထုတ်စဉ်းစား၊ ဆင်ခြင်ပွါးစို့၊
၁၆
စား ဝတ် နေမှု၊ အစုစုကို၊
ဂရုမထား၊ လူနင်းပြားနှင့်၊
တသားတည်းသာ၊ နေတတ်ရှာ၏၊
အာဏာမလို၊ ထက်ကိုမမှန်း၊
မငမ်းခွင့်ရေး၊ မတွေးစည်းစိမ်၊
နှလုံးအိမ်တွင်၊ ကြိမ်ကြိမ်စဉ်းစား၊
စာရေးသားရန်၊ စိတ်အားသန်ခဲ့၊
ပြည်မြန်လွတ်လပ်၊ ရတုံလတ်သော်၊
ချဉ်းကပ်တောရွာ၊ အေးငြိမ်းစွာတွင်၊
စာပေရေးမှု၊ ဓိဋ္ဌာန်ပြု၏၊
ပြည်သူ့အကျိုး၊ ဆောင်သည်ပိုးစဉ်၊
အပ်ကျိုးတချောင်း၊ ယောင်းမတတို၊
မရလိုသည့်၊ ဗိုလ်ချုပ်နှင့်သာ၊
နှိုင်းစရာမူ၊ ပမာမင်းကြီးရန်နောင်တည်း။
ကံရိုင်းကြမ္မာ၊ ဆိုးလှစွာကြောင့်၊
မသမာလက်ချက်၊ ခန္ဓာပျက်ရ၊
ချိန်ကာလကား၊ ထောင့်ကိုးရာလေးဆယ်၊
ခုနစ်ဝယ်တွင်၊ ခေါ်ဖွယ်ဇူလိုင်၊
မိုးဖြိုင်သွန်းရွာ၊ ဆယ့်ကိုးမှာတည့်၊
ကြီးစွာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးတသ၊ သတိရမူ၊
ဆန္ဒဗိုလ်ချုပ်၊ ထိုအလုပ်ကို၊
အားထုတ်လိုက်နာ၊ ဆောင်ရွက်ရာ၏၊
၁၇
မြန်မာတိုင်းဖွါး၊ ပြည်ထောင်သားတို့၊
ကွဲပြားမရှိ၊ မြင်လိုဘိ၏၊
နတ္ထိဝမ်းစာ၊ စုတ်ချာအိုးအိမ်၊
ရောင်မှိန်အဝတ်၊ မွဲငတ်အလုပ်သမား၊
လယ်သမားတို့၊ ဖွံ့ထွားချမ်းသာ၊
ဆန္ဒာတောင့်တ၊ တွေ့လိုလှ၏၊
မွေးဖ ဗိုလ်ချုပ်၊ အားထုတ်တောင့်တ၊
အဝဝကို၊ စေ့ငပြီးပြေ၊
ဆောင်ရွက်လေလျှင်၊ မည်ပေကျေးဇူး ဆပ်ခြင်းတည်း။
ရန်အောင်။
၁၈
ပြောလိုက်ပါဘိ ဟောပါဘိ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သက်လှယ်၊ မင့်သားငယ်သည်၊
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊
အူယားဖါးယား၊
ကစားရာမှ၊ နွားရုပ်ချ၍၊
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊
ငါမြင်ခဲ့၏ မှတ်မိ၏။
၁၉
မိုးကစိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်၊
ပျံကြဝဲကြ၊ ငရဲထသို့၊
အုံကြွမြည်အာ၊ မသာယာကို၊
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင်မရဲ၊ ဝမ်းနဲခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊ သူတို့ခေတ်၌၊
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏၊
မင်းမြင်ငါကြား၊ စကားဥဒါန်း၊
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော၊
မင့်သားချောကို၊
ပြောလိုက်ပါဘိ ဟောပါဘိ။
ဇော်ဂျီ။
၂၁
ဗိုလ်ချုပ်အောင်ဆန်း
(အတိတ်နှင့်ပစ္စုပ္ပန်)
မသိ၍ဆို၊
မလို၍ပြော၊
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။
မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။
မင်းသုဝဏ်။
၂၂
ဇာနည်ဖွါး
အမိမြေမှ၊ သန့်စင်ကြရာ၊
သူကထူးခြား၊ ဇာနည်ဖွါး၏။
သူငယ်ဘာဝ၊ ဆော့မြူးကြလျှင်၊
သူကငေးကာ၊ တနေရာမှ၊
မျက်လွှာမယှက်၊ အတွေးနက်၏။
၂၃
ကျောင်းသားတကာ၊ ဖွေရှာသိပ္ပ၊
ဆည်းပူးကြခိုက်၊ သူကထူးချွန်၊
ဇာတိမာန်ဖြင့်၊ ထက်သန်လုံ့လ၊
ရဲသွေးကြွ၏။
အသက်သုံးဆယ်၊ ဝန်းကျင်ဝယ်၌၊
အရွယ်စက၊ ခေါ်တုံကြလည်း၊
သူကသတ္တိ၊ ရဲရဲငြိလျက်၊
အမိမြန်မာ၊ ရတနာသား၊
ဇာနည်ဖွါးဟု၊ ထင်ရှားပီပီ၊
ရှေ့သို့ချီ၏။
သြော်.....ဇာနည်သတ္တိ၊ တိုင်းမရှိ၍၊
သူ၏မေတ္တာ၊ အထုမှာလည်း၊
နှိုင်းရာမရ၊ ကြီးမားစွကို၊
ကြုံရဘေးရန်၊ အတန်တန်၌၊
နောက်ပြန်မတွန့်၊ ရဲရဲဝံ့သည်၊
သက်စွန့်ခန္ဓာ ကြွေသည့်တိုင်။
နုယဉ်။
၂၄
၁၉ ဇူလိုင်
ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်၊
ဒို့မျိုးစဉ်ဆက်တိုင်သတည်း။
ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။
မိုးရက်မိုးခါ၊ ဖြစ်လေပါလည်း၊
ရှုသာမြင်ကွင်း၊ နံနက်ခင်းနှင့်၊
ယင်းသည့်စနေ၊ ဂြိုဟ်ဆိုးမွှေခဲ့။
တွင်းဝန်ရုံးဆီ၊ ဆယ်နာရီနှင့်၊
စွန်းသည်ဟိုဘက်၊ နာရီဝက်တွင်၊
ပြည်တွက်ရေးရာ၊ များဝန်တာကို၊
ဖြာဖြာတနည်း၊ ခေါင်းဆောင်ကြီးတို့၊
စုစည်းတတွေ၊ ဆွေးနွေးနေစဉ်......။
ဂျစ်ကားစိမ်းမှ၊ ဆင်းသက်ကြပြီး၊
လက်မှတော်မီ၊ စတင်ချီလျက်၊
၂၅
တပ်မည်နံပါတ်၊ “ဆယ့်နှစ်”မှတ်သည့်၊
စစ်တပ်ဝတ်စုံ၊ အရေခြုံတို့၊
စုပြုံတက်သွား၊ မိနစ်ခြားဝယ်....၊
နားကွဲမတတ်၊ ဒလစပ်လျှင်၊
ပစ်ခတ်ဆူညံ၊ သေနတ်သံတို့၊
မိုးယံကိုဖေါက်၊ လေဝယ်နှောက်သည်....၊
ထက်အောက်ဝန်းကျင် တုန်သတည်း။
ကျည်ပွင့်သံလည်း....၊
မိုးယံကိုဖွင့်၊ လေဝယ်လွင့်သည်၊
ယမ်းပွင့်ယမ်းခိုး ဝေသတည်း။
ဗိုလ်ချုပ်အောင်ဆန်း၊ ပြည့်ချစ်ပန်းနှင့်၊
ခေါင်နန်းစာဆို၊ ဦးဘချိုပြင်၊
ကြည်ညိုဆပွါး၊ ဒို့အားထားသည့်၊
စော်ဘွားမိုင်းပွန်၊ လူရည်ချွန်လှ၊
သခင်မြနှင့်...၊
တကွတူပြိုင်၊ မန်းဘခိုင်.....၊
ကြိုင်လှိုင်သတင်း၊ ဦးဘဝင်း...၊
ပျံ့သင်းဂုဏ်ဒြပ်၊ ဦးရာဇတ်တို့၊
ပစ်ခတ်ခံရ၊ ဆောင်းခန်းမဝယ်၊
လဲကျသက်ဆုံး၊ သွေးနီဖုံးသည်...၊
ဆုံးရှုံးခဲ့ရ လေပြီတကား။
၂၆
ဤသတင်းလျှင်၊
ချက်ချင်းပျံ့သွား၊ ပြည်သူ့နားသို့၊
သိကြားမကြာ၊ ပြည်လုံးမှာလည်း၊
သည်းညှာပျက်ပြုန်း၊ ကြိမ်မီးအုံးသို့၊
ယူကျုံးမရ၊ မျက်ရည်ကျခဲ့...၊
တသနှမြော၊ အသေစောဟု၊
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ၊
ရက်ကိုလစား၊ ချိန်တွေများသည်၊
ခုကား ဆယ့်ရှစ်နှစ် တိုင်ခဲ့ပြီ။(......မှတ်ချက်=၁၉၆၄ခုနှစ်က ကဗျာပါ.....)
ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍၊
စတေးခံသွား၊ ခေါင်းဆောင်များတွက်၊
ဒို့ကားတဖန်၊ ဆောင်ရွက်ရန်ကား၊
မိမြန်အတွက်၊ စွမ်းသည့်ဘက်မှ၊
ဆထက်ကြိုးကုတ်၊ အားမာန်ထုတ်၍၊
ဗိုလ်ချုပ်ချမှတ်၊ လမ်းစဉ်မြတ်ကို၊
ကျင့်အပ်လိုက်နာ၊ သွားရန်သာတည်း။
ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။
ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်.....၊
ဒို့မျိုးစဉ်ဆက် တိုင်သတည်း။
ထွဏ်းနေနွယ်။
၂၇
ဥယျာဉ်မှူးငဲ့
နေမင်းဝင်သော်၊
ငွေမင်ရှက်ဖြာ၊ သစ်ရိပ်သာဝယ်၊
ညင်သာလျောင်း၍၊ တကိုယ်မွေ့သည်၊
ချမ်းမြေ့ အိပ်စက်ပါပြီလော။
သင်စိုက်ခဲ့သည့်၊
ပင်နွဲ့ညိုပြာ၊ ပန်းမာလာကား၊
ငုံအာလန်းပွင့်၊ ငွါးငွါးစွင့်လျက်၊
ရွှန်းတင့်ဝေဆာ ရှိလေပြီ။
လေပြည်လာ၍၊
ကြည်သာရှင်းသန့်၊ ပန်းရနံ့လျှင်၊
သင်းပျံ့ဝေ့လည်၊ ကြိုင်လှိုင်စည်သော်၊
ရော်ရည်မျှော်မှန်း၊ သည်အလွမ်းနှင့်၊
စိတ်ဝမ်းညံ့နု၊ သင့်ကောင်းမှုကို၊
သာဓုသံသာ ခေါ်မိတကား။
မင်းယုဝေ။
၂၈
ကျေးဇူးဆပ်ချိန်
မုတ်သုန်နိုးသည့်၊
ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်ချေ၊
မခိုင်စိတ်ဝမ်း၊ မလန်းဘဝင်၊
မရွှင်နှလုံး၊ ပူဆာနုန်းမိ။
ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်သူ့ပန်းတို့၊
သွေးလွှမ်းလူးပေ၊ ခိုင်လုံးကြွေသည်၊
ဖြေဆည်မတံ့ နိုင်တကား။
၂၉
သြော်.....ရည်ဝေမျက်လုံး၊
နှလုံးဆွတ်ကျင်၊ လှိုက်မောရင်နှင့်၊
မြော်မြင်တသ၊ ဦးနှိမ်ချယင်း၊
တင်းကြအားမာန်၊ ဆန်ကြခေတ်လမ်း၊
လှမ်းကြရှေ့ဆီ၊ ဗိုလ်ချုပ်ရည်သည့်၊
ပြည်ရွာထွန်းသစ်၊ လုပ်သားခေတ်သို့။
အနုပညာ၊ စာပေဂီတ၊
ဥာဏလုပ်သား၊ ထိုအင်အားလည်း၊
လှုပ်ရှားပြည့်တွက်၊ လှမ်းပါလျက်တည့်။
လယ်ယာစက်ရုံ၊ အလုပ်ရုံ၌၊
အားကုန်စိုက်ကြ၊
ကာယလုပ်သား၊ ထိုအင်အားလည်း၊
တက်ကြွားပြည့်တွက်၊ လှမ်းပါလျက်တည့်။
ပြည်နယ်ပြည်မ၊ မခွဲကြတော့၊
သွေးမျှစုစည်း၊ တလုံးတည်းဖြင့်၊
ဆုံဆည်းမျိုးသား၊ ထိုအင်အားလည်း၊
မြင့်မားပြည့်တွက်၊ လှမ်းပါလျက်တည့်။
မြို့ကျောင်းရွာကျောင်း၊ စာသင်ကျောင်းမှ၊
ကျောင်းသားလူငယ်၊ မောင်မယ်ရည်တူ၊
ကြည်ဖြူစိတ်ထား၊ လူငယ့်အားလည်း၊
ဆင့်ပွါးပြည့်တွက်၊ လှမ်းပါလျက်တည့်။
၃၀
ရည်ဝေမျက်လုံး၊
နှလုံးဆွတ်ကျင်၊ လှိုက်မောရင်နှင့်၊
မြော်မြင်တသ၊ ဦးနှိမ်ချလျက်....။
အသက်ကိုပေး၊ စတေး၍အပ်၊
လွတ်လပ်ခဲ့မှု၊ ပြည်ထောင်စုကို၊
ရုံးစုထိမ်းသိမ်း၊ စောင်းမတိမ်းဘဲ၊
ငြိမ်းချမ်းပြည်သစ်၊ လုပ်သားခေတ်တိုင်၊
ဆုတ်နစ်မဲ့ကင်း၊ အားမာန်သွင်းလျက်၊
ပြင်းပြရည်စူး၊ လွန့်ကာလူး၍၊
ကျေးဇူးဆပ်ချိန် တန်ပြီတကား။ ။
ဘုတလင်ချစ်လေး။
မူလစာမျက်နှာ၊ မူရင်းစာသားအတိုင်း ရေးသားလိုက်ပါတယ် သူငယ်ချင်းတို့..........
ဖေဖော်ဝါရီ ၁၃ ရက် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက်...........
၁၉၆၄ခု ၊ အာဇာနည်နေ့ မြန်မာနိုင်ငံ တော်လှန်းရေးအစိုးရ၊ ယဉ်ကျေးမှုဌာန၊
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည့်
့ ၄၈ နှစ်ကြာပြီဖြစ်သော ကဗျာများဖြင့်
မွေးနေ့လက်ဆောင် ပေးအပ်လိုက်ပါတယ်ဗျာ...........
0 comments:
Post a Comment