Tuesday, January 31

ဒေါ်အောင်ဆန်းစုကြည် မြိုင်မြို့နယ်ခရီးစဉ် စတင်

မြိုင်၊ ဇန်န၀ါရီ- ၃၁
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးဦးဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ထားဝယ်သို့သွားရောက်ပြီး တစ်ရက်ခြားတွင်(ယနေ့ ဇန်န၀ါရီ ၃၁) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာသို့ ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန(DFID)က ဆောင်ရွက်နေသော ပရောဂျက်များကို လေ့လာရန် ထွက်ခွာလာပြီဖြစ်သည်။

ရန်ကုန်မြို့မှ အဲပုဂံလေယာဉ်ဖြင့် နံနက် ၈ နာရီတွင် ထွက်ခွာပြီး ညောင်ဦးမြို့သို့ ၉း၁၅ မိနစ်တွင် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို နေရာတိုင်းတွင် ဒေသခံများက ပျော်ရွှင်စွာ ကြိုဆိုနေကြသည်။

ညောင်ဦးမြို့မှ မြိုင်မြို့နယ်သို့ သွားရောက်ရာလမ်းတလျောက်ရှိ ကျေးရွာများနှင့် ပခုက္ကူမြို့တွင်းသို့ ကားလမ်းမအတိုင်း ကားတန်းဖြင့်ဖြတ်သန်းလာသောအခါ ဒေသခံများက ထွက်၍ကြိုဆိုနေကြသည်။ ပခုက္ကူမြို့တွင်းတွင် ကြိုဆိုသည့် ကြည့်ရှုသူများမှာ များပြားလွန်းသောကြောင့် မြို့မြို့နယ်ရှိ ကျေးရွာသို့ ရောက်ရှိရန် မှန်းထားချိန်ထက် နောက်ကျနေသည်ကိုလည်းတွေ့ရသည်။

DFID သည် မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစသောကဏ္ဍများအတွက် အဓိကကူညီပံ့ပိုးနေသော စီမံကိန်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ယခုခရီးစဉ်မှာ နိုင်ငံရေးခရီးစဉ်မဟုတ်ဘဲ မြန်မာလူထုကို ထောက်ပံ့နေသော DFID ၏ စီမံကိန်းကို လေ့လာသော ခရီးစဉ်ဖြစ်သည်။
7Day News Journal
Update : 11.20 AM ပခုက္ကူမြို့တွင် လမ်းဘေးဝဲယာတစ်လျှောက်မှ အရွယ်စုံကြိုဆိုသူများပြားလွန်းသောကြောင့် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသော ကားတန်းမှာတရွေ့ရွေ့သာမောင်းနိုင်ပြီး မြို့ကိုဖြတ်သန်းရန် မိနစ်၅၀ခန့် အချိန်ယူခဲ့ရသည်။

0 comments:

Post a Comment