Tuesday, February 14

ဒေါ်အောင်ဆန်းစုကြည်လှည်းကူး စည်းရုံးရေးခရီစဉ် ဘောလုံးကွင်း ခွင့်ပြုချက်မရ

မနက်ဖြန် တွင်ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် မဲဆွဲစည်းရုံးရေးအတွက် လှည်းကူးဘောလုံးကွင်းကို ခွင့်ပြုချက်တောင်းခံခဲ့ရာ ယနေ့နေ့လယ်တွင် ပယ်ချခံလိုက်ရကြောင်း ကိုဖြိုးမင်းသိန်းကပြောသည်။

“ပြီးခဲ့တဲ့ အပတ်ကတည်းက ခွင့်ပြုချက်တောင်းခဲ့တာ သူတို့ကခွင့်ပြုချက်ပေးမယ်ပြောတယ် မနေ့ကအထိခွင့်ပြုချက်ပေးမယ်အနီးကပ်ကျရင်စာထုတ်ပေးမယ်ပြောတယ်၊ဒီနေ့နေ့လယ်ကျမှမြို့နယ်အုပ် ချုပ်ရေးမှူးကကျွှန်တော်တို့ကို ခေါ်တွေ့ပြီး ဒီကွင်းကိုတော့ ခွင့်ပြုချက်မပေးနိုင်ဘူး၊တခြားကွင်းကိုရှာပါ ဆိုပြီးပြောတယ်” ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှလည်းကူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းတဖြစ်လည်း၎င်းကဆိုသည်။

လှည်းကူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးမှူးဆီသို့ပြီးခဲ့သည့် တပတ်ကျော်က  ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်ပြီး ၎င်းဦးစီးမှူးကခွင့်ပြုချက်မပေးရခြင်းမှာ ပြည်ထောင်စု အားကစား ၀န်ကြီးကခွင့်ပြုချက်မပေးခြင်းကြောင့် ဟု ပြန်လည်ပြောဆိုခဲ့သည်ဟုဆိုသည်။

လက်ရှိတွင်မဲဆွယ်စည်းရုံးရေးအတွက် လှည်းကူးမြို့နယ် ဘောလုံးကွင်းတွင် အလံများစိုက်ထူခြင်း၊ဟောပြောစင်များ တည်ဆောက်ထားခြင်း၊ဖိတ်ကြားစာများ ဝေငှထားခြင်း၊လှုံ့ ဆော်မှုများပြုလုပ်ထားခြင်း စသည်တို့ကိုကြိုတင်စီစဉ်ထားပြီးဖြစ်ပြီး လူထုဟောပြောရန်အတွက်အဆင်ပြေမည့်ကွင်း များကိုလိုက်လံရှာဖွေနေဆဲဟုကိုဖြိုးမင်းသိန်းကဆိုသည်။

“ကွင်းမရလည်းကျွန်တော်တို့ကတော့လုပ်မှာပါပဲ၊အခုတော့ရပ်ကွက်ကကွင်းတွေလိုက်ရှာနေတယ်၊ကျွန် တော်တို့ ရုံးမှာလုပ်ရင် နေရာကျဉ်းနေမှာစိုးလို့ ကွင်းတွေကိုလိုက်ရှာရတာပါ၊အခုတော့ ရွေးကောက်ပွဲမှာ ဟောပြောပွဲတွေအတွက် ဘယ်ကွင်းတွေမှာ လုပ်သင့်တယ်ဆိုတာတော့ သတ်သတ်မှတ်မှတ်တော့ရှိသင့်နေပြီလို့ ပဲပြောချင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ယနေ့ညနေ ၅နာရီတွင် လှည်းကူး NLD ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် လဆန်းပိုင်းတွင် လည်း ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်တွင်လည်း လူထုစည်းရုံးရန်အတွက်ဗထူးအားကစားကွင်း ကိုတောင်းခံခဲ့ရာ ကိုခွင့်ပြုချက် မရရှိသောကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။     ။
 
 ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၂ (YPI)

0 comments:

Post a Comment